Skip to main content

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၃

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ဦးရဲတင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဥက္ကဋ္ဌ၊ အခမ်းအနားအပြင်အဆင်ပိုင်းဆိုင်ရာ ပါဝင်ဆောင်ရွက်မည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ ဥက္ကဋ္ဌများက အွန်လိုင်းမှတက်ရောက်ကြသည်။

ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သည် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေးစိတ်ဓာတ်ကို ရှင်သန်စေသောပွဲတော်ကြီးတစ်ခုဖြစ်ပြီး နိုင်ငံတော်အဆင့်အားကစားပြိုင်ပွဲဖြစ်သည့်အတွက် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးကျင်းပမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်အားကစားသမားများ ပေါ်ထွန်းစေရန်ရည်ရွယ်ကျင်းပသည့် ပွဲတော်တစ်ခုဖြစ်ပြီး ဖွင့်ပွဲနှင့်ပိတ်ပွဲအစီအစဉ်များကို အသွင်သဏ္ဌာန်ရောအနှစ်သာရပါ ပြည့်စုံကောင်းမွန်စေရန်နှင့် တစ်မျိုးသားလုံး ဂုဏ်ယူဝင့်ကြွားနိုင်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း။

ထူးခြားအောင်ဆောင်ရွက်မည်

၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည့် ပုံစံကိုမှီငြမ်း၍ ဖွင့်ပွဲကိုကျင်းပမည်ဖြစ်ကြောင်း၊ အသံစနစ်၊ မီးအလင်းအမှောင်များနှင့်ပေါင်းစပ်ပြီး ရိုးရာယဉ်ကျေးမှုကို အသွင်ထူးခြားအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သမားရိုးကျပွဲတော်များ ဆောင်ရွက်သည်ထက် ကြည့်ရှုနေကြသည့် တစ်နိုင်ငံလုံးပြည်သူများက ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံ၏အနေအထား၊ စည်းလုံးမှု၊ မျိုးချစ်စိတ်၊ နိုင်ငံအတွက် တိုးတက်အောင်ကြိုးစားလိုသည့် အားမာန်ဖြစ်စေမည့်အရာများကို တွေ့မြင်စေမည်ဖြစ်ကြောင်း၊ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့်ဟာသပညာရှင်များ အစည်းအရုံးတို့နှင့် ညှိနှိုင်းဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်၊ လူမျိုးကိုချစ်သည့်စိတ်ကို ဖော်ညွှန်းသည့် တစ်နိုင်ငံလုံးပါဝင်သည့် အခမ်းအနားဖြစ်သည့်အတွက် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲကို ခမ်းခမ်းနားနားဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဝိုင်းဝန်းဆွေးနွေးအကြံပြုကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်းစီမံချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားအပြင်အဆင်ပိုင်းဆိုင်ရာ ပါဝင်ဆောင်ရွက်မည့်ကုမ္ပဏီမှ တာဝန်ရှိသူက (Stage) ဇာတ်ခုံဒီဇိုင်းတည်ဆောက်မည့်ပုံစံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

အကြံပြုဆွေးနွေးတင်ပြ

ဆက်လက်၍ ဒုတိယဝန်ကြီးဗိုလ်ချုပ်ကိုလေး၊ ဦးရဲတင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ ဒေါက်တာအောင်ဇေယျတို့က ဖွင့်ပွဲပိတ်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့်အစီအစဉ်၊ (Performance) သရုပ်ဖော်အကအလှများ၊ နည်းပညာပိုင်းဆိုင်ရာများအပါအဝင် အခမ်းအနားကျင်းပနေစဉ် ဆောင်ရွက်ထားရှိရန်လိုအပ်ချက်များနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ထို့နောက် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ အနုပညာဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ တပ်မတော်ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် တက်ရောက်လာသူများက မီးရှူးမီးပန်းအလှဆင်ပစ်ဖောက်ရန် ဆောင်ရွက်ထားရှိမှု၊ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ရေး ဆောင်ရွက်မည့်အစီအစဉ်၊ ဖွင့်ပွဲ၊ ပိတ်ပွဲတွင်ပါဝင်မည့် ဖျော်ဖြေရေးအစီအစဉ်များ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှုစသဖြင့် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

နိဂုံးချုပ်အမှာစကားပြောကြား

ယင်းနောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

သတင်းစဉ်