နေပြည်တော် ဇူလိုင် ၃
၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC-II) ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှတက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ခင်သက်ဌေး၊ ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၏ဇနီး၊ တွဲဖက်အတွင်းရေးမှူး၏ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒေါ်ဒွဲဘူနှင့် ကောင်စီအဖွဲ့ဝင်များ၏ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး၊ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၏ဇနီး၊ အမျိုးသမီးများဆိုင်ရာ အသင်းအဖွဲ့အစည်းများမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကဏ္ဍအလိုက်ဆုရရှိကြသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ဖြင့် အဖွင့်မိန့်ခွန်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ဖော်ဆောင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတုံ့ပြန်တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) လုပ်ငန်းနယ်ပယ် (၁၂) ရပ် Video Clip ကို ပြသသည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ်အတွင်း ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးဆုများကိုချီးမြှင့်ရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဒုတိယဗိုလ် ဒေါ်ယုယုနိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) မှ အကောင်းဆုံး ကျောင်းသားဆုရရှိသူ ဗိုလ်ဒေါ်ဖူးမော်သန်းနှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) ၏ ချီးကျူးဂုဏ်ပြုဆုရရှိသူ ဗိုလ်ကြီးဒေါ်ဝါဝါမော်တို့ကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေး အပ်ချီးမြှင့်သည်။
ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်
ထို့နောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးက ထူးချွန်အမျိုးသမီး ရဲမေဆုရရှိသူ ဒုတိယရဲမှူးကြီးမိုးမိုးထွန်းနှင့် မသန်စွမ်းအမျိုးသမီးအားကစား ထူးချွန်ဆုရရှိသူ မလော်လာဝင်းတို့ကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ သိပ္ပံဘာသာတွဲတွင် အမှတ်အများဆုံးရရှိသူ မနှင်းကြယ်စင်ထွန်းနှင့် ဝိပ္ပံဘာသာတွဲတွင် အမှတ်အများဆုံးရရှိသူ မအေးချမ်းပြည့်မွန်တို့ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၏ ဇနီးက ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိကြသူများကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး၏ ဇနီးက ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်တတိယဆုနှင့် အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆု ရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၏ ဇနီးများ၊ ကောင်စီအဖွဲ့ဝင်ဒေါ်ဒွဲဘူနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌတို့က အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်ဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဖျော်ဖြေတင်ဆက်
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များက ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုတေးသီချင်းဖြစ်သည့် “အမျိုးသမီးကော်မတီ” သီချင်းဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ရွှေမြန်မာသာယာငြိမ်းချမ်း” တေးသီချင်းနှင့်အတူ တိုင်းရင်းသားအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ထုတ်ကုန်ပစ္စည်းများ ကြည့်ရှုလေ့လာ
ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ခင်းကျင်းပြသထားသည့် ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်