Skip to main content

ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာနှင့် ကယန်းလေးကျေးရွာတို့ကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ

နေပြည်တော် ဇူလိုင် ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ထီဗွာကျေးရွာနှင့် ကယန်းလေးကျေးရွာတို့ကို ဇွန်လ ၂၇ ရက်နေ့က လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံနေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ထီဗွာကျေးရွာနှင့် ကယန်းလေးကျေးရွာတို့မှ ဒေသခံနေအိမ်များကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်မှာ မှန်ကန်မှုမရှိကြောင်းနှင့် ၎င်းကျေးရွာများတွင် မည်သည့်မီးလောင်ပျက်စီးမှုမှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

ဆီဆိုင်မြို့နယ်အတွင်း PNLA အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကျေးရွာများ မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူများ ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်နေလျက်ရှိသည့်အတွက် နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုကြောင့် ဒေသခံတိုင်းရင်းသားများ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက ဒေသတည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။