နေပြည်တော် ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရန်ကင်းသာစည်ကျေးရွာနှင့် နွားထိုးကြီးမြို့နယ်၊ ရွှေကြာအင်းကျေးရွာကြား၌ ဇူလိုင် ၂ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မော်တော်ယာဉ် ၃ စီးဖြင့် ရောက်ရှိလာပြီး တောင်သာ- နွားထိုးကြီးသွား ကားလမ်းအတိုင်း သွားလာနေသည့် ခရီးသွားမော်တော်ယာဉ်များအား တားဆီးစစ်ဆေးပြီး မော်တော်ယာဉ် ၁၁ စီးအား လုယက်မောင်းနှင်သွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် တောင်သာ-နွားထိုးကြီးမြို့နယ် ကားလမ်းအတိုင်းသွားလာနေသည့် ခရီးသွားမော်တော်ယာဉ်များအနက် “ပိုင် TTA” ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များကို တားဆီးစစ်ဆေးခြင်းများပြုလုပ်၍ ယာဉ်မောင်းများနှင့် ခရီးသည်များအား ပြန်လွှတ်ပေးပြီး “ပိုင် TTA” ပိုင်ဆိုင်သည့် AD Van မော်တော်ယာဉ် ၄ စီး၊ Succed မော်တော်ယာဉ် ၂ စီး၊ Probox မော်တော်ယာဉ် ၃ စီးနှင့် ၆ ဘီးကုန်တင်ယာဉ် ၂ စီး၊ စုစုပေါင်းမော်တော်ယာဉ် ၁၁ စီးတို့အား လုယက်ယူဆောင်၍ နွားထိုးကြီးမြို့နယ်ဘက်သို့ မောင်းနှင်ထွက်သွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီခန့်တွင် ရွှေကြာအင်းကျေးရွာအနီး၌ အကြမ်းဖက်သမားများ ယူဆောင်သွားသည့် မော်တော်ယာဉ် ၁၁ စီးအား ထိခိုက်ပျက်စီးမှုမရှိဘဲ ပြန်လည်ရရှိခဲ့သည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် အများပြည်သူသွားလာလျက်ရှိသော လမ်းများပေါ်၌ ခရီးသွားပြည်သူများအား တားဆီးစစ်ဆေးခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ပစ္စည်းများလုယက်ယူဆောင်ခြင်းနှင့် ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိပြီး အဆိုပါအကြမ်းဖက်သမားများအား ချေမှုန်းနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းနှင့် ခရီးသွား ပြည်သူများ ဘေးကင်းလုံခြုံစွာသွားလာနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။