ရန်ကုန် ဇူလိုင် ၂
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါ တရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ် တစ်သိန်းနှင့်အထက် အလှူရှင်များကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၇) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းကြပြီး အလှည့်ကျသဘာပတိနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက လက်ခံကြကာ ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ် ရေးအဖွဲ့ ဩဝါဒါစရိယ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ သ.စ.အ ဓမ္မာစရိယ ဝဋံသကာ ပါဠိပါရဂူ၊ စေတိယင်္ဂဏ ပဝရ သိရီမဟာဓမ္မဂုရု ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာန နာယက ဘဒ္ဒန္တနာရဒါဘိဝံသထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကြသည်။
ယနေ့ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲတွင်၂၀၂၄ ခုနှစ် မေ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် ၂၇ ဦးက ခြောက်ကျပ်သား ရွှေပြားလေးချပ်၊ သုံးကျပ်သားရွှေပြား တစ်ချပ်နှင့် တစ်ကျပ်သားရွှေပြား ၂၇ ချပ် စုစုပေါင်းရွှေစင်ရွှေပြား ၃၂ ချပ် လှူဒါန်းခဲ့ပြီး ငွေသား အလှူရှင် ၁၃၀ အပါအဝင် လှူဒါန်း ငွေ စုစုပေါင်းငွေကျပ်သိန်းပေါင်း တစ်သောင်းကိုးထောင်လေးရာ တစ်ဆယ့်လေးသိန်းရှစ်သောင်းကိုးထောင်ကိုးရာကိုးဆယ်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်