Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်တစ်ခုအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Cosmetic မျိုးစုံ ၉၉ ဘူး ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀ ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Hand Manual Hydr-aulic Stacker တစ်ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၂၈ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင် လယ်ဝေးမြို့နယ်အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၄၃၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၅၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၃၀ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တာချီလိတ်၊ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းအနီး ကျိုင်းတုံလမ်းမကြီးဘေး၌ စုပုံထားရှိသော အကောက်ခွန်မဲ့ပစ္စည်းများ ဖြစ်သည့် Total တံဆိပ်ပါ Rotary Hummer ၁၁ ခု အပါအဝင် ကုန်ပစ္စည်း ကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၅၄၀၀၀) ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇွန် ၃၀ ရက်တွင် တောင်ငူခရိုင် အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၂၆၃ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၁၉၆၈) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဇူလိုင် ၁ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၄၂၇ တန်၊ သစ်မာ ၂ ဒသမ ၀၉၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၅၃၆) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဝေါမြို့နယ် အဗျားငှက်ချေးဝင်းကျေးရွာအနီး၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ဘုရားကြီးမြို့ (Denko) ဆီဆိုင်အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Glory Deluxe ခြင်ထောင် ၃၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၀၃၂၅၀၄ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ဇူလိုင် ၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးနှင့် ကျွဲရေကုန်းရွာကြား၌ မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသောမော်တော် ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသော စားသောက်ကုန် ပစ္စည်းများဖြစ်သည့် တရုတ်နိုင်ငံထုတ် ပုစွန်လုံး ပင်လယ်စာကီလိုဂရမ် ၁၀၀၀၀ နှင့် သက်တံလိပ်ကီလိုဂရမ် ၅၅၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၅၀၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Nissan Condor Van တစ်စီးနှင့် Isuzu Forward Van Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၀၀၀၀၀၀) ကို အကောက် ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ရွှေကျင်စစ်‌‌‌ဆေးရေးစခန်း၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားမဝင်စက်သုံးဆီ ပရီမီယမ်ဒီဇယ်ဆီဂါလန် ၁၁၉၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၄၆၆၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး၊ စက်မှုဇုန်ထုတ် TT Truck တစ်စီးနှင့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၆၅၄၆၆၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင် ၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပထက်ကျွန်းအနောက်ဘက် ၁ ဒသမ ၅ မိုင်ခန့်အကွာ ၌ စက်လှေတစ်စင်းပေါ်မှ တရားမဝင် အခြားသစ် ၅ ဒသမ ၃၃၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၇၇၂၀) နှင့် အဆိုပါသစ်များ တင်ဆောင် လာသည့် စက်လှေတစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၁၇၇၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇွန် ၂၈ ရက်၊ ၃၀ ရက်နှင့် ဇူလိုင် ၁ ရက်၊ ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၉ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၄၃၈၅၈၂၄ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်