မိုးနဲ ဇူလိုင် ၂
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့နယ်၌ (၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းအချင်းချင်းပံ့ပိုးငွေနှင့် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းများသို့ သွင်းအားစုမြေသြဇာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင် ၁ ရက်က မိုးနဲမြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ကြည်က သွင်းအားစုထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားပြီး မိုးစပါးစိုက်ပျိုးသည့် သမဝါယမ အသင်းသုံးသင်းမှ အသင်းသားတောင်သူ ၆၀၏ မိုးစပါးစိုက်ပျိုးဧက ၃၀၀ အတွက် ပုလဲဓာတ်မြေသြဇာအိတ် ၃၀၀၊ ကွန်ပေါင်းဓာတ်မြေသြဇာ အိတ် ၃၀၀နှင့် ဗေဒါသဘာဝမြေသြဇာ အိတ် ၁၀၀ စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ၆၀၀ ကို ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဒေါ်စိန်မြက အသင်းသားတောင်သူများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်