ဗန်းမော် ဇူလိုင် ၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် ခွန်သာရပ်ကွက်နှင့် ဆင်ကုန်းရပ်ကွက်သို့ ယမန်နေ့ နံနက်ပိုင်းက မြစ်ရေတိုးဝင်လာပြီး အိမ်ထောင်စုအချို့အား တာဝန်ရှိသူများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဧရာဝတီမြစ်ရေတိုးဝင်လာမှုကြောင့် မြေနိမ့်ပိုင်းတွင် လူနေအိမ်ခြံဝန်းနှင့် လမ်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိသည့်အတွက် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများအား ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတ ကူညီရေးအသင်းများနှင့် တပ်မတော်သားများက အ.လ.က(၁)၊ အမှတ်(၄) မူလွန်ကျောင်း၊ အမှတ်(၃) မူလွန်ကျောင်းနှင့် ဓမ္မိကာရုံကျောင်းများတွင် ဖွင့်လှစ်ထားရှိသည့် ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။ ထို့အတူ မြစ်ရေကြီးမှု အသိပေးနှိုးဆော်ချက်များကို ဗန်းမော်မြို့တွင်း လှည့်လည်အသိပေးနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ ၂ ရက် ညနေ ၃ နာရီခွဲ အချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၌ (၁၁၃၂) စင်တီမီတာဖြစ်ပြီး ဗန်းမော်မြို့၏ စိုးရိမ်ရေမှတ်မှာ (၁၁၅၀) စင်တီမီတာဖြစ်ကြောင်း သိရသည်။
ရှိုးသီဟ (ပြန်/ဆက်)