Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအသစ် ဖွဲ့စည်းရေးအတွက် ကိုယ်စားလှယ်လောင်းအဆိုပြုလွှာများ ဖိတ်ခေါ်ခြင်း

၁။ သတင်းမီဒီယာဥပဒေပုဒ်မ ၁၃ အရ “မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၃၁-၁၀-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၄၄/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့ရာ ကောင်စီ၏သက်တမ်းသည် ၃၀-၁၀-၂၀၂၄ ရက်နေ့တွင် ၃ နှစ် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် သတင်းမီဒီယာနည်းဥပဒေ ၁၈(ခ)အရ “အဖွဲ့သည် ကောင်စီ၏သက်တမ်း ၃ နှစ်မပြည့်မီ အနည်းဆုံး ၃ လ ကြိုတင်၍ ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အသစ်ဖွဲ့စည်းမည့်ကောင်စီကို ရွေးချယ်တင်မြှောက်ရမည်” ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်နေရာများအတွက် ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများ ဖိတ်ခေါ်အပ်ပါသည်။

၃။ သတင်းမီဒီယာနည်းဥပဒေ ၁၀ အရ သတင်းမီဒီယာသမားများ၊ သတင်းအေဂျင်စီများ၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများနှင့် ဖြန့်ချိသူများ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ ကာတွန်းရုပ်ပြဆရာများစသည့် သတင်းမီဒီယာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်လောင်းများ၊ လူမှုရေး၊ စီးပွားရေး၊ စာပေယဉ်ကျေးမှု၊ ဥပဒေရေးရာ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များပါဝင်သည့် လူထုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်လောင်းများ၊ တစ်ဦးချင်းရွေးချယ်ခံမည့် (အခြားနယ်ပယ်များ)မှ ကိုယ်စားလှယ်လောင်းများ၊ တစ်ဦးချင်းရွေးချယ်ခံမည့် သတင်းမီဒီယာသမား ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ တင်သွင်းရမည်ဖြစ်ပါသည်။

၄။ ကောင်စီဝင်ရွေးချယ်ရာတွင် ကိုယ်စားလှယ်လောင်းများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) သတင်းမီဒီယာအဖွဲ့အစည်းများ

(၁) အဖွဲ့အစည်းအလိုက် ကိုယ်စားလှယ်ဦးရေ တင်သွင်း နိုင်သည်။

(၂) အသင်းဖွဲ့စည်းပုံ စည်းမျဉ်းရှိရမည်။

(၃) သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားမှု ရှိရမည်။

(၄) နိုင်ငံခြားလက်အောက်ခံ အဖွဲ့အစည်းမဖြစ်စေရ။

(ခ) တစ်ဦးချင်းရွေးချယ်ခံမည့် သတင်းမီဒီယာသမားများ

(၁) သတင်းမီဒီယာလုပ်ငန်းတွင် လေးစားအပ်သော ရင့်ကျက်သည့် လုပ်ငန်းအတွေ့အကြုံ(၁၀)နှစ်နှင့် အထက် ရရှိရမည်။

(၂) သိသာထင်ရှားသော သတင်းမီဒီယာလုပ်ငန်း ဆောင်ရွက်ခဲ့ဖူးသည့် မှတ်တမ်းကောင်းရှိရမည်။

(၃) အချိန်မှန်ထုတ်ဝေသော သတင်းစာ/ ဂျာနယ်များအား ထုတ်ဝေသူ/ အမှုဆောင် အရာရှိချုပ်/ အယ်ဒီတာချုပ် (သို့မဟုတ်) ရုပ်သံလွှင့် မီဒီယာသတင်းခန်းမှ အမှုဆောင်ထုတ်လုပ်ရေးမှူးနှင့်အထက် တာဝန်ရှိသူ ဖြစ်ရမည်။

(၄) နိုင်ငံခြားအဖွဲ့အစည်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်သူ မဖြစ်စေရ။

(၅) သတင်းမီဒီယာ ပုဒ်မ ၉၊ ပုဒ်မခွဲ(ဈ)နှင့်အညီ လိုက်နာသောပုဂ္ဂိုလ်ဖြစ်ရမည်။

(ဂ) တစ်ဦးချင်းရွေးချယ်ခံမည့် အခြားနယ်ပယ်မှ ကိုယ်စား လှယ်လောင်းများ

(၁) သက်ဆိုင်ရာနယ်ပယ်တွင် လေးစားအပ်သော ရင့်ကျက်သည့် လုပ်ငန်းအတွေ့အကြုံရှိရမည်။

(၂) သက်ဆိုင်ရာနယ်ပယ်တွင် သိသာထင်ရှားသော လုပ်ငန်းဆောင်ရွက်ခဲ့ဖူးသည့် မှတ်တမ်းကောင်းရှိရမည်။

(ဃ) ကိုယ်စားလှယ်လောင်းအားလုံးအတွက် သတင်းမီဒီယာနည်းဥပဒေ အခန်း(၃)၊ ကောင်စီဝင်ရွေးချယ်တင်မြှောက်ခြင်း နည်းဥပဒေ ၇ တွင် ဖော်ပြထားသည့် အောက်ပါအချက်တစ်ရပ်ရပ်နှင့် အကျုံးဝင်သူအား ကောင်စီဝင်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခြင်း မပြုရ-

(၁) နိုင်ငံ့ဝန်ထမ်းဖြစ်ခြင်း။

(၂) မကျန်းမာမှုကြောင့် ကောင်စီ၏လုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်စွမ်းမရှိခြင်း။

(၃) အကျင့်စာရိတ္တပျက်ပြားမှုနှင့်စပ်လျဉ်း၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရဖူးသူဖြစ်ခြင်း။

(၄) နိုင်ငံရေးပါတီတစ်ခုခုတွင် အမှုဆောင်ရာထူးတာဝန် ထမ်းဆောင်နေသူဖြစ်ခြင်း။

၅။ အဆိုပြုလွှာပုံစံများကို (၁-၇-၂၀၂၄)ရက်နေ့မှစတင်၍ နံနက် (၉:၀၀)နာရီမှ မွန်းလွဲ(၁၆:၃၀) နာရီအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ၊ အမှတ်(၄)၊ ဝင်္ကပါလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် အခမဲ့လာရောက် ထုတ်ယူနိုင်ပြီး (၃၀-၇-၂၀၂၄) ရက်နေ့ မွန်းလွဲ (၁၆:၃၀)နာရီမတိုင်မီ အချိန်အတွင်း အဆိုပြုလွှာပုံစံများကို နောက်ဆုံးထား ပြန်လည်တင်သွင်းရပါမည်။

၆။ အသေးစိတ် အချက်အလက်များသိရှိလိုပါက ဖုန်းနံပါတ်

၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃ နှင့် ၀၁-၈၆၀၄၇၅၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

၇။ ရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်မည့်နေ့ကို သီးခြားကြေညာပါမည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့

အမှတ်(၄)၊ ဝင်္ကပါလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး