နေပြည်တော် ဇူလိုင် ၁
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ဖွင့်လှစ်သည့် Mobile Journalism သင်တန်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Conference Room ၌ ကျင်းပသည်။
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ဆက်လက်၍ အဖွဲ့လေးဖွဲ့၏ Plan Story သတင်းများ ရှင်းလင်းတင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များနှင့် အဖွဲ့လိုက်ထူးချွန်ဆုများကို ချီးမြှင့်ပြီး သင်တန်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ သင်တန်းတွင် သတင်းရေးသားနည်း၊ သတင်းအတတ်ပညာ၊ အင်တာဗျူးဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များ၊ သတင်းသမားများ လိုက်နာရန်အခြေခံအချက်များ၊ သတင်းထောက်များ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ ပေးပို့ခြင်း၊ လက်တွေ့ဆောင်ရွက်ခြင်းတို့ကို ပြင်ပမှပညာရှင်များနှင့် ဌာနရှိအတွေ့အကြုံရင့်သင်တန်းနည်းပြများက ရုပ်မြင်သံကြားနှင့် ရေဒီယိုဌာနခွဲမှ သင်တန်းသား ၂၀ အား ဇွန် ၅ ရက်မှ ဇူလိုင် ၁ ရက်ထိ တစ်လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်