Skip to main content

မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးရှောင်စခန်း ၃၀ ဖွင့်လှစ်ကူညီ ကယ်ဆယ်ပေးလျက်ရှိ

မြစ်ကြီးနား ဇူလိုင် ၁

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်အတွင်း မေခနှင့်မလိခမြစ်အထက်ပိုင်း၌ မိုးသည်းထန်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး မြင့်တက်လာခဲ့ရာ မြစ်ကြီးနားမြို့၏စိုးရိမ်ရေမှတ် စင်တီမီတာ ၁၂၀၀ ရှိသည့်အနက် မြစ်ရေသည် ယနေ့မွန်းလွဲ ၃ နာရီ တိုင်းထွာချက် အရ ၁၃၆၈ စင်တီမီတာကျော်အထိ မြင့်တက်လာခဲ့သဖြင့် ရေများဝင်လျက်ရှိသည့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာများရှိ လူမှုကူညီရေးအသင်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မြစ်ရေမြင့်တက်မှုဖြစ်စဉ်ကြောင့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် ၁၆ ခုနှင့် အာလမ်ကျေးရွာအုပ်စုတို့ရှိ ပြည်သူများအား ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် လတ်တလောရေဘေးရှောင်စခန်း ၃၀ ဖွင့်လှစ်၍ ကူညီကယ်ဆယ်ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် မြစ်ရေမြင့်တက်မှုကြောင့် ပြည်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ မော်တော်ယာဉ် များ၊ အမြန်ရေယာဉ်ငယ်များနှင့် လှေများစနစ်တကျစုဖွဲ့၍ အပိုင်းလိုက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် မြစ်ရေထပ်မံမြင့်တက်လာနိုင်ခြေရှိသည့်အပေါ် ပြည်သူများအား အသိပေးပြီး မြေနိမ့်ရပ်ကွက်များ လျင်မြန်စွာရွှေ့ပြောင်းနေရာချထားနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထောက်ပံ့ပေးအပ်

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်မှ အောင်ဇေရန်အောင်ဘုရားအထိ စက်လှေများဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ပြည်သူများအား ရေလွတ်ရာအမြန်ဆုံးရွှေ့ပြောင်းနိုင်ရေး၊ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်၍ ရွှေ့ပြောင်းနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ကြသည်။ ယင်းနောက် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ရေကြည်ရပ်ကွက်အတွင်းမှ ရေဘေးရှောင်အိမ်ထောင်စု ၇၉ စုတို့အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ နေ့လယ်စာထမင်းဘူးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အောင်ဇေရန်အောင်ဘုရားဝင်းအတွင်း ရွှေ့ပြောင်းနေရာချထားပေးသည့် ရေဘေးရှောင်အိမ်ထောင်စု ၁၁၂ စုတို့အား ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ချက်ပြုတ်စားသောက်နေမှုအခြေအနေများနှင့် အိမ်ထောင်စုများ နေထိုင်မှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် လိုအပ်သည့် အထောက်အပံ့များ ကူညီပေးနိုင်ရေးတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မြေမြင့်ဘုန်းကြီးကျောင်းအတွင်း ရေဘေးရှောင်စခန်းဖွင့်လှစ်ထားရှိမှု အခြေအနေများနှင့် လိုအပ်သည်များကို ကျောင်းထိုင်ဆရာတော်ထံ မေးမြန်းလျှောက်ထားကြပြီး ခိုလှုံနေထိုင်လျက်ရှိသော မိသားစုများအား မြစ်ရေထပ်မံမြင့်တက်လာနိုင်ခြေရှိသေးသည့် အတွက် ကျန်းမာရေးဂရုစိုက်နေထိုင်ကြရေး၊ လိုအပ်သည်များ အမြန်ဆုံးကူညီပံ့ပိုးပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ကြကာ မိသားစုများအားမုန့်များ လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ ဇီးလွန်အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စည်ပင်သာယာရေးအဖွဲ့၊ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါ အထက်တန်းကျောင်း ကျောင်းဆောင်များအတွင်း ရွှေ့ပြောင်းနေထိုင်လျက်ရှိသော ရေဘေးရှောင်မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ မိသားစုများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။    

ပြည်နယ် (ပြန်/ဆက်)