နေပြည်တော် စက်တင်ဘာ ၁၀
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ရှေ့လာမည့်ငါးနှစ်အတွင်း ဆောင်ရွက်မည့်အစီအမံများ နှစ်အပိုင်း အခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်အသုံးပြု၍ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစား နှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
သမားရိုးကျမှ ဖောက်ထွက်
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ယနေ့ကျင်းပသော အားကစားတိုးတက်ရေး ဆိုင်ရာ အစည်းအဝေးတွင် သမားရိုးကျလုပ်ဆောင်မှုများမှ ဖောက်ထွက်ပြီး မြေပြင်တွင် အမှန်တကယ် လုပ်ဆောင်နိုင်မည့် အားကစားဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်သူတစ်ရပ်လုံး အမှန်တကယ်ပါဝင် ဆောင်ရွက်နိုင်မည့် ဖြစ်နိုင်ခြေရှိသည့် အစီအမံများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အကောင်းဆုံး တင်ပြဆွေးနွေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူ၊ ကယားပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးတို့က ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည့်ငါးနှစ်အတွင်း စီစဉ်ဆောင်ရွက် မည့် အစီအမံများ ကို အသေးစိတ်ဆွေးနွေးတင်ပြကြသည်။
ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိဂုံးချုပ်အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသနှင့်ကိုက်ညီမှုရှိပြီး ဒေသခံများစိတ်ပါ ဝင်စားပြီး အားသာသည့် အားကစား နည်းများကို ဦးစွာပထမ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဒေသတွင်းရှိ နည်းပြများ အရည်အသွေးတိုးတက်ကောင်း မွန်စေလိုကြောင်း၊ အားကစား သင်တန်းများ ပြိုင်ပွဲများ တွင် အရည်အချင်းပြည့်မီသော လူငယ်အားကစားသမားကောင်း များရရှိစေနိုင်ရေးအတွက် Talent Scout အဖွဲ့များ ဖွဲ့စည်း ထားရှိရန်လိုအပ်ပါကြောင်း၊ ဒေသတွင်းအားကစားပြိုင်ပွဲများ ကျယ်ကျယ် ပြန့်ပြန့် ကျင်းပနိုင်ရန်သာမက ဒေသတွင်း မြို့နယ်များရှိ မသန်စွမ်းပြည်သူများ၊ ဉာဏ်ရည်မမီကလေး သူငယ်နှင့် သက်ကြီးရွယ်အိုများအတွက် စိတ်ဓာတ် မြှင့်တင်ရေး အားကစားဆိုင်ရာ အစီအစဉ်များပါ ထည့်သွင်းစဉ်းစား ကျင်းပပေးသင့်ပါကြောင်း၊ ဒေသတွင်းရိုးရာ အားကစား နည်းများ ရှာဖွေဖော်ထုတ်၍ ကျင်းပပေးစေလိုပါကြောင်း ပြည်သူများအား အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူးများ၊ အားကစားတန်ဖိုးများကို သိရှိစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်