နေပြည်တော် ဇူလိုင် ၁
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးဥက္ကဋ္ဌ H.E. Mr. Valery D.Zorkin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ “Protection of Rights and Constitutional Supervision” ခေါင်းစဉ်ဖြင့် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပသည့် နိုင်ငံတကာညီလာခံ (International Conference) နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာဥပဒေရေးရာ ဖိုရမ် (XII St. Petersburg International Legal Forum)သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါ နိုင်ငံတကာညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် အာရှဒေသဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း (Association of Asian Constitutional Courts and Equivalent Institutions - AACC) အဖွဲ့ဝင်နိုင်ငံများရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌနှင့် တရားသူကြီးချုပ်များ၊ အခြားဖိတ်ကြားထားသော ဥပဒေပညာရှင်များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း စနစ်ကျင့်သုံးမှုများနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးအတွေ့အကြုံတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
(၁၂)ကြိမ်မြောက် နိုင်ငံတကာ ဥပဒေရေးရာဖိုရမ်သို့ နိုင်ငံပေါင်း ၃၀ မှ တရားသူကြီးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးများ၊ တရားသူကြီးများနှင့် ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ နိုင်ငံတကာညီလာခံ နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာဥပဒေရေးရာဖိုရမ်သို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းနှင့်အတူ အဖွဲ့ဝင် ဦးခင်မောင်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်