Skip to main content

ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

၁။ မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကို လည်း ကြုံတွေ့ရနိုင်ပါသည်။

၂။ ယခုနောက်ပိုင်းတွင် ရေဘေးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ရေဘေးဖြစ်ပွားမှုအကြိမ်ရေ (၁၄၄) ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အအုံပေါင်း (၂၇၉) လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူနှင့်တိရစ္ဆာန်သေဆုံး၊ ထိခိုက်/ဒဏ်ရာရရှိမှု များပြားလှသည့် ဘေးအန္တရာယ်တစ်ခု ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် ရေဘေးမဖြစ်ပွားမီ အောက်ပါကြိုတင်ပြင်ဆင်မှုများကို ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

(က) မိမိအိမ်ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ ကြံ့ခိုင်မှုကို စစ်ဆေးပါ၊

(ခ) မိသားစုများ အရေးပေါ်ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ၊

(ဂ) ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သော နေရာတွင်ထားရှိပါ၊

(ဃ) မိမိပတ်ဝန်းကျင်ရှိ မြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးမှုအမြင့်ပေများကို သိရှိမှတ်သားထားပါ၊

(င) သောက်သုံးရေများ ကြိုတင်စုဆောင်းထားပါ၊

(စ) မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်း အစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်နိုင်သောနေရာများကို မြင်သာသော အမှတ်အသားထားရှိပါ၊

(ဆ) အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပါ။

၄။ ရေကြီးခြင်း သတိပေးချက်ရလျှင် ပြည်သူများအနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါသည်-

(က) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများကို စဉ်ဆက် မပြတ်နားထောင်ပြီး အကြံပြုချက်ကို လိုက်နာပါ။ အခြားသူများကိုလည်း မျှဝေပါ၊

(ခ) တောင်ပေါ်ဒေသများချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက်တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများ ဖြစ်နိုင်ကြောင်း သတိပြုကြပါ၊

(ဂ) အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့် အတူ ထားရှိပါ၊

(ဃ) မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ဆက်သွယ်ရမည့်သူစသည်တို့အား ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင် ထားပါ၊

(င) သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာ နေရာ သို့ ပြောင်းရွှေ့ခိုလှုံပါ။

၅။ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ပြည်သူများအနေဖြင့် အောက်ဖော်ပြပါ သတိပြုလိုက်နာရန် အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များအား အသိပေးနှိုးဆော်အပ်ပါသည်-

(က) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ၊

(ခ) အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မိန်းခလုတ်များကို ပိတ်ထားပါ၊

(ဂ) သောက်သုံးရေသန့်(သို့) ကျိုချက်ထားသောရေ(သို့) ရေသန့်ဆေးခတ်ထားသော ရေကိုသာ အမြဲသောက်သုံးပါ၊

(ဃ) အဆိပ်ရှိသော တိရစ္ဆာန်များ၊ အိမ်၊ ခြံအတွင်း၌ ရှိ၊ မရှိ စစ်ဆေးပါ၊

(င) တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင်ထားခြင်းမပြုလုပ်ပါနှင့်၊

(စ) ရေကြီးသော ဒေသများတွင် မြစ်၊ ချောင်း ကမ်းပါးတိုက်စားပြီး ပြိုကျတတ်သောကြောင့် မြစ်၊ ချောင်း ကမ်းပါးများ အနီးသို့ မသွားပါနှင့်၊

(ဆ) ရေထဲတွင် ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ မပြုလုပ်ပါနှင့်၊

(ဇ) ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။

၆။ ရေကြီးခြင်းဖြစ်ပွားပြီးနောက် ပြည်သူများအနေဖြင့် အောက်ဖော်ပြပါအချက်များအား သတိပြု လိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်-

(က) မိသားစုဝင်များ ပျောက်ဆုံး၊ ကွဲကွာပါက သက်ဆိုင်ရာသို့ အကြောင်းကြားပါ၊

(ခ) အမှိုက်များအား စနစ်တကျရှင်းလင်းခြင်း၊ တိရစ္ဆာန်အသေကောင်များအား စနစ်တကျ မီးရှို့ ခြင်း(သို့) မြေမြှုပ်ခြင်းများ ပြုလုပ်ပါ၊

(ဂ) အန္တရာယ်ရှိနိုင်သော ဓာတ်ကြိုးများ၊ ဓာတ်တိုင်၊ သစ်ပင်သစ်ကိုင်းများကို သတိပြုရှောင်ရှား ပါ။ သက်ဆိုင်ရာသို့ အကြာင်းကြားပြီး ကူညီရှင်းလင်းပါ၊

(ဃ) ရေကြီးခြင်း၏ နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်များနှင့် ကူးစက် ရောဂါများကို ဂရုပြုပါ၊

(င) ကယ်ဆယ်ရေးနှင့် အရေးပေါ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်ပါ၊

(စ) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာခြင်း မဟုတ်သည့် ကောလာဟလသတင်းများ ကို မယုံပါနှင့်၊

(ဆ) မသန့်ရှင်းသော ရေအရင်းအမြစ်များကို မသုံးစွဲပါနှင့်၊

(ဇ) ရေစိုပြီး အနံ့အသက်မကောင်းသော အစားအစာများ မစားပါနှင့်၊

(ဈ) ရေထဲတွင် ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနှင့်။

၇။ သဘာဝဘေးအန္တရာယ်များနှင်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတွင် (၂၄) နာရီ ဖွင့်လှစ်ထားရှိသည့် Hot-Line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးကြေညာအပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန