Skip to main content

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၃၆) ကြိမ်မြောက် အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင် အစည်းအဝေးနှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်သို့ တက်ရောက်

နေပြည်တော် ဇွန် ၃၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာနအတွင်းဝန်တို့၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံစီဘူးမြို့၌ ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၈ ရက် အထိ ကျင်းပသည့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) ၏ ပထမအကြိမ် အာရှနှင့်ပစိဖိတ်ဒေသအတွက် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်နှင့် (၃၆) ကြိမ်မြောက် အရှေ့အာရှနှင့်ပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင်အစည်းအဝေးသို့ တက်ရောက်သည်။

ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံစီဘူးမြို့ရှိ Shan-gri-La Mactan ဟိုတယ်၌ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အာရှနှင့်ပစိဖိတ်ဒေသအတွက် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သည်။

အခမ်းအနားတွင် ဖိလစ်ပိုင်နိုင်ငံလာပူလာပူမြို့ မြို့တော်ဝန် Mr. Junard Chan၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zurab Poloikashvili နှင့် ဖိလစ်ပိုင်နိုင်ငံခရီးသွားလုပ်ငန်းဌာနအတွင်းဝန် Ms. Christina Garcia Frasco တို့က အဖွင့်အမှာစကားပြောကြားကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။

ထို့နောက် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်၏အစီအစဉ်အရ ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့အတွင်းဝန်၊ အင်ဒိုနီးရှားနိုင်ငံခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဂျပန်နိုင်ငံမြေနှင့် အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဌာနမှ Vice Commissioner နှင့် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ခရီးစဉ်ဒေသမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းဆွဲဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းတွင် ဒေသခံပြည်သူများ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရေးနှင့် အကျိုးအမြတ်ရရှိစေရေးဆောင်ရွက်ရာတွင် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ အရေးပါသောမူဝါဒများ မှန်ကန်စွာချမှတ်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက FAO Mountain Partnership project နှင့် စပ်လျဉ်း၍လည်းကောင်း၊ တက်ရောက်လာသည့် ကိုယ်စားလှယ်များက အစားအစာထွက် အမှိုက်များလျှော့ချခြင်းနှင့် ဒေသထွက်ကုန်ပစ္စည်းများ ပိုမိုသုံးစွဲခြင်း၊ အာရှနှင့်ပစိဖိတ်ဒေသရှိ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၏ အောင်မြင်မှုများ၊ အစားအသောက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် စီဘူးမြို့၏ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ ညွှန်ကြားရေးမှူးက စျေးကွက်ထောက်လှမ်းရေး၊ မူဝါဒများနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေးများကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။

ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် UN Tourism ၏ အကောင်းဆုံးခရီးသွားကျေးရွာဆုရရှိသည့် ကျေးရွာများသို့သွားရောက်လေ့လာခဲ့ကြပြီး ဖိလစ်ပိုင်ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဇွန် ၂၈ ရက်တွင် ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် She-raton Mactan ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့၏ (၃၆) ကြိမ်မြောက် အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင်အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲ အခမ်းအနားတွင် ဖိလစ်ပိုင်နိုင်ငံသမ္မတ Mr. Fer-dinand Bongbong Romualdez Marcos Jr. တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးက ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသော ရာသီဥတုပြောင်းလဲခြင်းကိုတုံ့ပြန်ရာတွင် နည်းပညာအသစ်များအပေါ် ရင်းနှီးမြှုပ်နှံရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှုများကို ဖော်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေး ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ တိကျပြည့်စုံသည့်မူဝါဒများ ချမှတ်နိုင်ရေးနှင့် အဖွဲ့အစည်း များ ခိုင်မာအားကောင်းရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ ခရီးသွားလုပ်ငန်းဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြပြီး ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်