နေပြည်တော် ဇွန် ၃၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၈ ရက်ညနေပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးသို့ရောက်ရှိပြီး ပြည်နယ်/ ခရိုင်/ မြို့နယ်များမှ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် မီတာဖတ်ရှုမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိဖြင့် ဆောင်ရွက်ကြရန်၊ ပြည်သူများ၏ ဓာတ်အားသုံးစွဲမှု မှန်ကန်မှုရှိစေရန် မီတာယူနစ်များ လိုဖတ်/ ပိုဖတ်ခြင်းမရှိစေရေး သတ်မှတ်ကာလအတွင်း မီတာများမှန်ကန်စွာဖတ်ရှု၍ စာရင်းရေးသွင်းရန်၊ ဓာတ်အားခများ အပြည့်အဝကောက်ခံရရှိရေးနှင့် ဓာတ်အားခငွေများ အလွဲသုံးစားမှုမဖြစ်ပေါ်စေရေး နေ့စဉ်ကောက်ခံရရှိငွေစာရင်းနှင့် ဓာတ်အားခတောင်းခံလွှာ လက်ခံဖြတ်ပိုင်းများဖြင့် တိုက်ဆိုင်စစ်ဆေးရန်နှင့် ရပ်/ပျက်/နှေး မီတာများကို ပုံမှန်ကွင်းဆင်းစစ်ဆေး၍ အမြန်ဆုံးအစားထိုး လဲလှယ်တပ်ဆင်ပေးရန်၊ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ စည်းလုံးညီညွတ်စွာနေထိုင်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်နယ်လျှပ် စစ်အင်ဂျင်နီယာရုံးနှင့် တောင်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတို့၌ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးဝင်း အတွင်းရှိပစ္စည်းများ သိုလှောင်ထိန်းသိမ်းထားရှိသည့် စတိုနှင့်ဝန်ထမ်းအိမ်ရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်