မန္တလေး ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ နည်းပညာတက္ကသိုလ် (မန္တလေး) ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ၊ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ အတူတကွတက်ရောက်စိုက်ပျိုးကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်နေရာတွင် အရိပ်ရလေကာပင်ကို စတင်စိုက်ပျိုးပေးပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တက်ရောက်လာကြသူများက အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် သတ်မှတ်နေရာများ၌ ပျိုးပင်များ စုပေါင်းစိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ခရေ၊ ပိတောက်၊ တမလန်း၊ ရင်းမာ၊ မဟော်ဂနီ၊ ငုရွှေဝါ၊ စိန်ပန်း၊ မယ်ဇယ်၊ မဲဇလီ စသည့်သစ်မျိုး ၁၁ မျိုး၊ စုစုပေါင်းပျိုးပင် ၆၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်