Skip to main content

ဒီရေတော ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇွန် ၃၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်း တိုးချဲ့ဖွဲ့စည်းထားသော ရွှေပြည်အေးချမ်းဘို့ ဒီရေတောကြိုးပြင်ကာကွယ်တောကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွဲ့စည်းထားသော ဒီရေတောကြိုးပြင်ကာကွယ်တောများ၊ ဆက်လက်တိုးချဲ့ ဖွဲ့စည်းရန် ရည်ရွယ်ထားသော အဆိုပြု ကြိုးပြင်ကာကွယ်တောများနှင့် စိုက်ပျိုးတည်ထောင်လျက်ရှိသော ဒီရေတောစိုက်ခင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ဒီရေတောဧရိယာ ၁ ဒသမ ၁ သန်းကျော်ရှိပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက်၊ အရှေ့တောင်အာရှတွင် တတိယမြောက်ဒီရေတောအများဆုံး ပိုင်ဆိုင်သောနိုင်ငံဖြစ်ကြောင်း၊ ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသော ကမ်းရိုးတန်းဒေသများတွင် သဘာဝဒီရေတောများထိန်းသိမ်းရေးနှင့် ဒီရေတောစိုက်ခင်းများတည်ထောင်ရေးသည် လွန်စွာအရေး ကြီးကြောင်း၊ ဒီရေတောများသည် ပင်လယ်ပြင်မှဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များကို တံတိုင်းသဖွယ်ကာကွယ်ပေးနိုင်သည့်အပြင် လယ်ယာမြေများအတွင်း ပင်လယ်ဆားငန်ရေဝင်ရောက်မှုကိုလည်း တားဆီးပေးသည့်အတွက်သီးနှံများပျက်စီးဆုံးရှုံးမှုအန္တရာယ်ကို ကာကွယ်ပေးနိုင်ပါကြောင်း၊ ဒီရေတောများသည် ငါး၊ ပုစွန်နှင့် အခြား သော ရေနေသတ္တဝါများ ရှင်သန်ပေါက်ပွားရာ အရင်းအမြစ်ဖြစ်သဖြင့် ဒေသခံပြည်သူများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း၊ ဒီရေတော ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် ဒီရေတောများ၏ အရေးပါပုံနှင့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများသိရှိရန်နှင့် အတူတကွပူးပေါင်းဆောင်ရွက်လာစေရန် အသိပညာပေးဟောပြောပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

သစ်တောဦးစီးဌာနအနေဖြင့် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုမှ ကာကွယ်ပေးနိုင်ရန်၊ ဒီရေတောကို အမှီပြုနေသော ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အစိမ်းရောင်တံတိုင်း- Green Belt အဖြစ် ဒီရေတောကြိုးပြင်ကာကွယ်တော ခုနစ်ခု၊ ၂၃၈၅၅ ဧက ဖွဲ့စည်းတည်ထောင်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဒီရေတော ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၄၄ ခု၊ ၇၁၇၂၃၈ ဧက ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်