နေပြည်တော် ဇွန် ၃၀
နိုင်ငံတော်အနေဖြင့် ပြည်တွင်းစီးပွားရေးတည်ငြိမ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အချို့လုပ်ငန်းရှင်များသည် စီးပွားရေးကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းဝယ်လျက်ရှိသောကြောင့် အများပြည်သူမှာ ဆန်ဝယ်ယူစားသုံးရန် အခက်အခဲများဖြစ်ပေါ်ပြီး ကြပ်တည်းမှုများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည့်အတွက် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ မြို့ကြီးများရှိ ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ ခု၊ ဆိုင်ခန်း ၇ ခုတို့မှ ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦးအား မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှလစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသောဈေးကွက် ဈေးနှုန်းထက်အမြတ်အစွန်း ပိုမိုရယူကာ ရောင်းချမှုရှိ/မရှိအား လုံခြုံရေးအဖွဲ့အစည်းများက ဖော်ထုတ်စစ်ဆေးခဲ့ပါသည်။
စစ်ဆေးတွေ့ရှိချက်များအရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းအထိ အမြတ်အစွန်းပိုမို ရယူကာရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၇ ဦး၊ သတ်မှတ်ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦး၊ သတ်မှတ်ဈေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍ အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၇ ဦးရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
သို့ဖြစ်၍ သတ်မှတ်ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦးကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့်အခွန် ထပ်မံစည်းကြပ်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ဈေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့သည့် အောက်ပါဆန်စပါး လုပ်ငန်းရှင် ၇ ဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ-၅ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
အလားတူ နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ မြို့ကြီးများရှိ ဈေးဝယ်စင်တာနှင့်စတိုးဆိုင်ကြီးများတွင် အလေးချိန်အမျိုးမျိုးဖြင့် အသင့်ထုပ်ပိုး ထားသည့်ဆန်အိတ်များ (Consumer Package) ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ပိုမိုအမြတ်တင်ရောင်းချ လျက်ရှိကြောင်း သိရှိရသည့်အတွက် ဈေးဝယ်စင်တာနှင့် စတိုးဆိုင်ကြီး ၅၃ ဆိုင်၏ ဆန်ရောင်းဝယ်မှုအခြေအနေများအား လုံခြုံရေးအဖွဲ့အစည်းများက ဝင်ရောက်စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို ထိန်းသိမ်း စစ်ဆေးခဲ့ပါသည်။
စစ်ဆေးတွေ့ရှိချက်များအရ အထက်ပါ ဈေးဝယ်စင်တာနှင့်စတိုးဆိုင်ကြီးများသည် အလေးချိန်အမျိုးမျိုးဖြင့် အသင့်ထုပ်ပိုးထားသည့် ဆန်အိတ်များ (Consumer Package) ကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှလစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းအထိ အမြတ်အစွန်းပိုမိုရယူကာ ရောင်းချလျက် ရှိသည့် စတိုးဆိုင် ၁ ဆိုင်၊ ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချ လျက်ရှိသည့် ဈေးဝယ်စင်တာနှင့်စတိုးဆိုင် ၃၀ ဆိုင်၊ ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင် ရောင်းချလျက်ရှိသည့် ဈေးဝယ်စင်တာ ၂၂ ဆိုင်ရှိကြောင်း၊ ထို့အပြင် ဈေးဝယ်စင်တာနှင့် စတိုးဆိုင်အချို့မှာ ၎င်းတို့၏ ကုမ္ပဏီဝန်ထမ်းစရိတ်၊ အရောင်းမြှင့်တင် ရေးစရိတ်များကိုပါ အကျိုးအမြတ်ရယူရောင်းချသည့်နှုန်းများတွင် မလိုလားအပ်ဘဲ ထည့်သွင်းတွက်ချက် ရောင်းဝယ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
စစ်ဆေးတွေ့ရှိရသည့်ဆိုင်များအနက် သတ်မှတ်ဈေးနှုန်းထက် ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သည့် ဈေးဝယ်စင်တာနှင့်စတိုးဆိုင် ၃၀ ဆိုင်ကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့်အခွန်ထပ်မံ စည်းကြပ်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ဈေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိပိုမို၍အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့သည့် ဈေးဝယ်စင်တာ ၂၂ ဆိုင်မှ အောက်ပါ တာဝန်ရှိသူ ၄ ဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်-
ထိုသို့ ဆန်ဈေးနှုန်းများ မြှင့်တင်ရောင်းချမှုများကြောင့် အခြေခံပြည်သူများမှာ ဆန်ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးရလျက်ရှိသည့်အပြင် နိုင်ငံတော်၏စီးပွားရေး ဈေးကွက်တည်ငြိမ်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့သဖြင့် ၎င်းတို့အားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူပြည်သူ လူထု၏စားဝတ်နေရေး အကြပ်အတည်းဖြစ်စေရန် ပြည်တွင်းဆန်ဈေးကွက်အတွင်း၌ ဆန်ဈေးနှုန်းများကို သင့်တင့်မျှတသောဈေးနှုန်းများထက် ပိုမိုရောင်းချဆောင်ရွက်နေသူ များကိုလည်း စိစစ်ဖော်ထုတ်ကာ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပြည်သူလူထုအနေဖြင့်လည်း ဆန်ဈေးကွက်အတွင်း ဝယ်ယူစားသုံးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ပိုမို၍အမြတ်အစွန်းရယူရောင်းချနေကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများသို့ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။