နေပြည်တော် ဇွန် ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ ခေတ္တရောက်ရှိလျက်ရှိသော နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ လင်ကွန်းကျောင်းတိုက်သို့သွားရောက်ကာ မြတ်ဗုဒ္ဓစွယ်တော်အား သွားရောက်ဖူးမြော်ခဲ့ပြီး လင်ကွန်းကျောက်တိုက် ကျောင်းတိုင်ဆရာတော် ချမ်းကျန့်အားရိုသေစွာဖြင့် သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် နေပြည်တော်မှပင့်ဆောင်လာသည့် မာရဝိဇယဘုရား၏ ရုပ်ပွားတော်ငယ်အား လှူဒါန်းခဲ့ပါသည်။
ယင်းနေ့ (၁၇၀၀) နာရီတွင် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအားပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ထို့သို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏ပြည်တွင်းရေး ဖြစ်ပေါ်တိုးတက်မှအခြေအနေတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
နိုင်ငံတော်သမ္မတ(ငြိမ်း) ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲမူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ၃၀-၆-၂၀၂၄ ရက် (၁၄၂၅) နာရီတွင် အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှနေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလွင်ဦး၊ ရန်ကုန်မြို့၊ တရုတ်သံရုံးမှ သံရုံးဒုတိယအကြီးအကဲ (သံမှူးကြီး) မစ္စစ်ချောင်ဂျင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်။
ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်။