နေပြည်တော် ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၅ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားဝင်း၌ ဆန်းပြည့်အောင် မောင်းနှင်လာသော TOYOTA SUCCEED မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ညီညီအား ယင်းနေ့ နံနက် ၁၀ နာရီတွင် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် သုဓမ္မာလမ်း၌လည်းကောင်း၊ စိုးပိုင် (ခ) ကိုစိုးနှင့် မောင်မောင်ဌေးတို့အား မွန်းတည့် ၁၂ နာရီတွင် မင်္ဂလာဒုံမြို့နယ် ရှမ်းစုရပ်ကွက် ပြည်လမ်းတွင် TOYOTA CORONA မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်