နေပြည်တော် ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြသည်။
ထို့နောက် ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့က ဘုရားကြီးတည်ထားကိုးကွယ်ပူဇော်ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာအခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေများနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ယင်းနောက် လေ့လာရေးအဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ရတနာဆင်ဖြူတော်အဆောင်ရှိ ဆင်ဖြူတော်များ အားအစာကျွေးကြကာ အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်များမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူကြသည်။
ဆက်လက်၍ လေ့လာရေးအဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ ရောက်ရှိကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများက ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် လေ့လာရေးအဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ပထဝီနိုင်ငံရေး၊ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
သတင်းစဉ်