Skip to main content

သင်ကြားပို့ချပေးမည့် စာတွေ့လက်တွေ့သင်ခန်းစာများကို ထိထိမိမိသင်ယူလေ့လာ အလေးမအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ မွေးထုတ်နိုင်အောင်ကြိုးစား

နေပြည်တော် ဇွန် ၂၆

အလေးမအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးဆက်သစ် အားကစားသမားများစွာ မွေးထုတ် ပေးနိုင်စေရန်နှင့်အချိန်နှင့် တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို အချိန်တိုအတွင်း သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အလေးမဒိုင်နှင့် နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။

အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို အချိန်တိုအတွင်း သိရှိလေ့လာခွင့်ရရှိမည် ဖြစ်သည့်အတွက် မိမိတို့ တာဝန် ကျရာဒေသအသီးသီးတွင် မျိုးဆက်သစ်အလေးမ အားကစားသမားများကို ရှာဖွေစည်းရုံး စုဆောင်း၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် သင်တန်းမှ သင်ကြားပို့ချပေးမည့် စာတွေ့လက်တွေ့သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် ထိထိမိမိ သင်ယူလေ့လာပြီး အလေးမ အားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမား များစွာမွေးထုတ်ပေးနိုင်သည့် နည်းပြဆရာကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်