Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ၂၀၂၄ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

နေပြည်တော် ဇွန် ၂၅

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ် နန်းချန်းမြို့၌ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာညီလာခံ (Shanghai Cooperation Organization Forum on Traditional Medic-ine) သို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးကောင်စစ်ဝန် Mr. Ouyang Daobing ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာညီလာခံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပညာရှင်များ ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး ညီလာခံကို “Inheritance, Integration, and Development” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများအကြား တိုင်းရင်းဆေးပညာရပ်ကို အပြန်အလှန်လေ့လာနိုင်ရန်၊ တိုင်းရင်းဆေးမူပိုင်ခွင့်ကိစ္စရပ်များကို ဆွေးနွေးနိုင်ရန်၊ တိုင်းရင်းဆေးတက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ တိုင်းရင်းဆေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာဖလှယ်မှုများ ပိုမိုခိုင်မာလာစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအသိုက်အဝန်းထူထောင်ရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ကျင်းပကြောင်း သိရသည်။

သတင်းစဉ်