Skip to main content

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ်အတွက် ပညာရည်ထူးချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ

နေပြည်တော် ဇွန် ၂၄

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်အတွက် ပညာရည်ထူးချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသားမိဘများနှင့်ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရမူဝါဒနှင့်အညီ ဝန်ကြီးဌာနမှဝန်ထမ်းများ၏သားသမီးများ ပညာသင်ကြားရာတွင် အဆင်ပြေစေရေးနှင့် အထောက်အပံ့ဖြစ်စေရေးတို့အတွက် ပညာသင်ထောက်ပံ့ကြေးများကို နှစ်စဉ်တိုးမြှင့်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏သားသမီးများကို ပညာတတ်လူချွန် လူကောင်းများဖြစ်လာစေရေးအတွက် အလေးထားပြုစုပျိုးထောင်ပေးစေလိုကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်အတိုင်း ပညာရည်မြင့်မားမှသာ မိမိဘဝတိုးတက်မည်ကို သိရှိနားလည်ပြီး ထူးချွန်ထက်မြက်သော ပညာရှင်များဖြစ်အောင်၊ နိုင်ငံတော်ကအားထားရသည့် သားကောင်း၊ သမီးမွန်ရတနာများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ငါးဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ မောင်သန်းထိုက်ဆွေ၊ မောင်လင်းလွင်ဟိန်း၊ မနှင်းနန္ဒာခင်နှင့် လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ မောင်မင်းသန့်အောင်၊ မဟန်နီဇော်တို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူမောင်ရင်မင်းသန့်၊ မလင်းလတ်ရွှေရည်သန့်နှင့် နှစ်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ မမေသဇင်ဦးတို့ကိုလည်းကောင်း ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် ဝန်ထမ်းသားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးများကို သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်သည်။

ယခုနှစ် ပညာသင်နှစ်တွင် ဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီးများအနက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသားကျောင်းသူစုစုပေါင်း ၁၀၈၀ အတွက် ပညာသင်ထောက်ပံ့ကြေး စုစုပေါင်းငွေကျပ် ၃၂၂၃၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်