နေပြည်တော် ဇွန် ၂၄
စွမ်းအင်ဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် သံတမန်ဇုန်ရှိ မာရဝိဇယဘုရားကြီးသို့သွားရာ သစ်ခွလမ်းဘေးဘယ်/ညာ၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီးဦးသန့်စင်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း / အမှုထမ်းများ တက်ရောက်စိုက်ပျိုးကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးကသတ်မှတ်နေရာ၌ ခရေပင်ကိုဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က ကံ့ကော်ပင်များကိုစိုက်ပျိုးပေးကြကာ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများ၏ ရတနာတန်းဝင်ကျွန်းနှင့်ပျဉ်းကတိုး၊ မန်ကျည်း၊ ဘုံမဲဇာ၊ မဲဇလီနှင့် စိန်ပန်းပင်များ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၀၆ ခုနှစ်မှစ၍ ယနေ့အချိန်ထိ သစ်ပင် ၉၈၇၀ ခန့် စိုက်ပျိုးခဲ့ပြီး ရှင်သန်မှုအနေဖြင့် ၇၀ ရာခိုင်နှုန်း ရှိကြောင်းနှင့် ယနေ့သစ်ပင် စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင် ကျွန်းပင်နှင့်ပျဉ်းကတိုးပင်အပါအဝင် ခရေပင်၊ ကံ့ကော်ပင်၊ မန်ကျည်းပင်၊ ဘုံမဲဇာပင်၊ မဲဇလီပင်၊ စိန်ပန်းပင်နှင့် အရိပ်ရလေကာပင် သစ်ပင်မျိုးစုံ စုစုပေါင်း ၆၈၀ စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်