တီဟီရန် ဇွန် ၂၄
အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအလီဘာဂယ်ရီကာနီ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ယနေ့တွင် အီရန်နိုင်ငံတီဟီရန်မြို့၌ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်သည်။
တီဟီရန်မြို့ရှိ ပါရှန်အဇာဒီဟိုတယ်၌ကျင်းပသည့် (၁၉) ကြိမ်မြောက် အေစီဒီနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သက်ဆိုင်ရာနိုင်ငံအလိုက် မိန့်ခွန်းပြောကြား
အစည်းအဝေး၌ အေစီဒီအဖွဲ့ဝင်နိုင်ငံများက အေစီဒီလက်ရှိဥက္ကဋ္ဌ အီရန်နိုင်ငံက သတ်မှတ်ထားသည့် ဘာသာရပ်ခေါင်းစဉ်ဖြစ်သည့် “ဆန်းသစ်စ နည်းပညာများမှတစ်ဆင့် ပိုမိုချိတ်ဆက်ပြီး၊ စွမ်းဆောင်ရည်ပြည့်ဝသည့် အာရှဒေသဆီသို့” အပေါ် ကြိုဆိုခဲ့ကြပြီး ကိုယ်စားလှယ်အဖွဲ့များက သက်ဆိုင်ရာနိုင်ငံအလိုက် မိန့်ခွန်းပြောကြားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် (၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် အေစီဒီလက်ရှိဥက္ကဋ္ဌ အီရန်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် အေစီဒီဥက္ကဋ္ဌတာဝန် အောင်မြင်စွာထမ်းဆောင်ခဲ့သည့် ဘာရိန်းနိုင်ငံတို့အပေါ်ချီးကျူးခဲ့ပြီး အေစီဒီဥက္ကဋ္ဌသစ်အဖြစ် လွှဲပြောင်းတာဝန်ယူဆောင်ရွက်မည့် ထိုင်းနိုင်ငံကိုကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အီရန်သမ္မတ မစ္စတာဆေးယက်ဒ် အီဘရာဟင်ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟိုစိန်အမီယာ အက်ဘ်ဒိုလာဟီယံတို့ မကြာသေးမီက ကွယ်လွန်သွားခဲ့မှုအပေါ် မြန်မာနိုင်ငံက ဝမ်းနည်းကြေကွဲရကြောင်းနှင့် ၎င်းတို့၏ အာရှပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်အပေါ်ကြိုးပမ်းမှုများကို အစဉ်အောက်မေ့သတိရ တန်ဖိုးထားလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထည့်သွင်းဆွေးနွေးပြောကြား
ထို့အတူ (၁၉) ကြိမ်မြောက် အေစီဒီနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီးများနှင့်ကိုယ်စားလှယ်များသည် အေစီဒီပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံများကလည်း ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံအလိုက် ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။
အစည်းအဝေး၌ “အေစီဒီအတွင်းရေးမှူးရုံး၏ စည်းမျဉ်းစည်းကမ်းများ” နှင့် “အေစီဒီအဖွဲ့၏ လုပ်ထုံးလုပ်နည်းများ” ကို သဘောတူညီခဲ့ကြသည့်အပြင် အစည်းအဝေးရလဒ်အဖြစ် “တီဟီရန် ကြေညာချက်” ကို အဖွဲ့ဝင်နိုင်ငံများ၏တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့သည်။
ရှင်းလင်းပြောကြားခဲ့
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးအတွင်း နိုင်ငံတော်အစိုးရ၏ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အေစီဒီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဇွန် ၂၃ ရက် ညနေပိုင်းတွင် အိမ်ရှင်အီရန် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအလီဘာဂယ်ရီ ကာနီက (၁၉) ကြိမ်မြောက် အေစီဒီနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များကို တီဟီရန်မြို့ရှိ အက်စ်ပီနာပဲလေ့စ်ဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ကို ၂၀၀၂ ခုနှစ် ဇွန်လက ထိုင်းနိုင်ငံ ချာအမ်းမြို့၌ စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး လက်ရှိတွင် အေစီဒီ၌ ဒေသတွင်း အုပ်စုကြီး ငါးခုဖြစ်သည့် အရှေ့တောင်အာရှအုပ်စု၊ တောင်အာရှအုပ်စု၊ အနောက်အာရှအုပ်စု၊ ဗဟိုအာရှအုပ်စုနှင့် အရှေ့အာရှအုပ်စုတို့ကို ကိုယ်စားပြုသည့် အဖွဲ့ဝင်နိုင်ငံ ၃၅ နိုင်ငံပါဝင်၍ မြန်မာနိုင်ငံသည် အေစီဒီစတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။
ယေဘုယျအားဖြင့် အာရှနိုင်ငံများအကြား အပြန်အလှန်အမှီသဟဲပြုရေးကို မြှင့်တင်သွားရန်နှင့် အာရှတိုက်မှ အာရှအသိုက်အဝန်းအဖြစ်သို့ ပြောင်းလဲရန်ရည်ရွယ်လျက် အေစီဒီကိုဖွဲ့စည်းထားခြင်းဖြစ်ပြီး အေစီဒီအတွင်းရေးမှူးရုံးကို ကူဝိတ်မြို့၌ ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် စတင်ဖွင့်လှစ်ခဲ့သည်။
လက်ရှိတွင် အေစီဒီအဖွဲ့ဝင်နိုင်ငံများအကြား “ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်” နှင့် ကိုက်ညီသည့် အဓိကမဏ္ဍိုင်ကြီး (၆) ခု၌ ဦးစားပေး ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီထားပြီး အဆိုပါအဓိကမဏ္ဍိုင်ကြီး (၆) ခုမှာ (က) ပေါင်းစည်းဆက်နွှယ်မှု၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ (ဂ) ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ (ဃ) စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် ရေဖူလုံရေး၊ (င) ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း၊ (စ) အားလုံးပါဝင်ရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်သည်။
ပါဝင်တက်ရောက်
(၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အေစီဒီအဖွဲ့ဝင်နိုင်ငံ (၃၁) နိုင်ငံနှင့်ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း (၈) ခုမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်