မြန်မာနိုင်ငံ၏အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ လူနာသစ်များ နေ့စဉ်သောင်းနှင့်ချီ၍ တွေ့ရှိနေသည်။ အိန္ဒိယသည် ကမ္ဘာပေါ်တွင် အမေရိကန်ပြီးလျှင် ကိုဗစ်ရောဂါဖြစ်ပွားမှု ဒုတိယအများဆုံး စံချိန်တင်သည့် နိုင်ငံဖြစ်သည်။ လူဦးရေ သန်းတစ်ထောင်ကျော်ရှိသည့် အိန္ဒိယနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ခုနစ်သောင်းကျော်၊ ရှစ်သောင်းမက ရောဂါကူးစက်ခံနေရပြီး သေဆုံးသူ နေ့စဉ်ထောင်ချီရှိနေသည်မှာ စိုးရိမ် စရာဖြစ်သည်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများသည် ပြီးခဲ့သည့် အပတ်အတွင်းက ယခင်ကာလများ နှင့်နှိုင်းစာလျှင် ကိုဗစ်ရောဂါဖြစ်ပွားသူ ကိုးရာခိုင်နှုန်းမြင့်တက်နေပြီး ကိုဗစ်ရောဂါဖြင့် သေဆုံးသူ သုံးရာခိုင်နှုန်း တိုးတက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တစ်ပတ်စာအစီရင်ခံစာ တွင်ဖော်ပြထား သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုမှာ ယခု ရက်ပိုင်းအတွင်း နေ့စဉ်လူတစ်ရာကျော် ရောဂါပိုးတွေ့နေပြီး သေဆုံးသူမှာ ယခင်က ခြောက်ဦးသာရှိရာမှ ယခုအခါ ၁၂ ဦးရှိလာပြီ ဖြစ်သည်။ ။
ကိုဗစ်-၁၉ ရောဂါသည် လူမှုဘဝရပ်တည်ရှင်သန်မှုများနှင့် သက်ဆိုင် နေသည့်ရောဂါဖြစ်၍ ကိုင်တွယ်ရ အလွန်ခက်ခဲသော ရောဂါဆန်းဖြစ်သည်။ မမြင်နိုင်သော ကိုယ်ပျောက်ကပ်ရောဂါဖြစ်၍ တစ်ဦးတစ်ယောက် ပေါ့လျော့ စွာနေထိုင်မိသည်နှင့် လူအမြောက်အမြားသို့ ရောဂါကူးစက်သွားနိုင်သည့် အတွက် လူတိုင်းလူတိုင်းအနေဖြင့် အသိတရားဖြင့် တာဝန်ကျေရန်၊ အသိ တရားဖြင့် ဝိုင်းဝန်းကာကွယ်စောင့် ရှောက်ရန် လိုအပ်ပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မခံရရေးအတွက် အားလုံးတွင် ကိုယ်စီတာဝန်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါကို ပေါ့ပေါ့တန်တန်မတွေး၊ ပေါ့ပေါ့ဆဆမနေသင့်သလို စိုးရိမ်ပူပန်မှုလည်း လွန်လွန်ကဲကဲ မဖြစ်သင့်ပေ။
ကိုဗစ်ရောဂါပိုး အတွေ့များလာသည်မှာ ပေါ့ဆမှုကြောင့်ဟုဆိုသော် လည်း လူမှုဘဝအခြေအနေများနှင့် ရောထွေးယှက်တင်ဖြစ်လာခဲ့၍ အပြစ်ဟူ၍ ပုံချ၍ရမည်မဟုတ်ပေ။ သို့သော်လည်း ရောဂါဖြစ်စေမှန်း သိပါလျက်နှင့် လိုက်နာရန်ပျက်ကွက်လျှင်မူ အပြစ်ဆိုဖွယ်ရာသာဖြစ်ပေ တော့သည်။ ယခုအခါ ကိုဗစ်ကပ်ရောဂါဆိုး ကူးစက်မည်ကို လူတိုင်းလူတိုင်း
ကြောက်ရွံ့ နေကြပေသည်။ အထူးသဖြင့် ရန်ကုန်မြို့တွင် နေ့စဉ် လူတစ်ရာ မက ရောဂါပိုးတွေ့လာရပြီး သေဆုံးသူလည်း တိုးလာပေသည်။ သို့ဖြစ်၍ မိမိတို့သည် စိုးရိမ်ပူပန်နေမည့်အစား၊ အပြစ်တင်ဝေဖန် နေမည့်အစား စာနာစိတ်ဖြင့်၊ မေတ္တာစိတ်ဖြင့် ညီညီညွတ်ညွတ်လက်တွဲပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ် သည်။
ပိုးတွေ့လူနာအများစုမှာ မမျှော်လင့်နိုင်သောအခြေအနေ အကြောင်း ကြောင်းကြောင့် ကူးစက်ခံရခြင်း ဖြစ်သည်။ ရောဂါသံသယရှိပြီး Quarantine ဝင်ဖို့လိုအပ်ပါက ကြည်ကြည်ဖြူဖြူ အတူပူးပေါင်းဆောင်ရွက်ရန်၊ ပတ်ဝန်း ကျင်မှပြည်သူများက ကိုယ်ချင်းစာတရားလက်ကိုင်ထား၍ မေတ္တာဖြင့် ပူးပေါင်းဆောင်ရွက်ပေး ရန်လိုသည်။ သံသယရှိ၍ Quarantine ဝင်သူအပေါ် ခွဲခြားဆက်ဆံခြင်း၊ အထင်အမြင်သေးခြင်း၊ ၎င်းတို့၏မိသားစု အသိုက်အဝန်း အပေါ် စာနာထောက်ထားမှုမရှိခြင်း၊ ၎င်းမိသားစုအရေးကို လူမှုကွန်ရက်မှ ဝင်ရောက်စွက်ဖက် နှိမ်ချဆက်ဆံခြင်း၊ ဓာတ်ပုံနှင့်ဗီဒီယိုရိုက်ကူးပြီး ထုတ်လွှင့်ခြင်းတို့ကို မပြုလုပ်မိရန် အရေးကြီးသည်။ သံသယရှိ၍ Quarantine ဝင်ရန်ခေါ်ယူရာ၌ စိုးရိမ်ကြောက်လန့်မှုမဖြစ်စေရန် live လွှင့်တင်ခြင်း၊ မပြုလုပ်သင့်ပေ။
ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် နိုင်ငံ့ ခေါင်းဆောင်မှသည် အခြေခံလူတန်းစား များအထိ လူတန်းစားမရွေး၊ ဖြစ်ပွားနေသောရောဂါဖြစ်သည်။ ရောဂါကူးစက်ခံရခြင်းသည် ရာဇဝတ်မှု ကျူးလွန်မိခြင်းမဟုတ်သဖြင့် ကိုယ်ချင်းစာတရား ထားရှိကြရန်လိုအပ်ပေ၊ သည်။ ဤနေရာတွင် မိမိဖြစ်သည်ဆိုပါက ခွဲခြားဆက်ဆံခံရခြင်း၊ လူမှုပတ်ဝန်းကျင်၌ မနှစ်သက်ဖွယ်မြင်ကွင်းအား နှစ်သက်မည် မဟုတ်ဟု စဉ်းစားဆင်ခြင်ကြည့်ရမည်ဖြစ်သည်။ ကိုယ်ချင်းစာတရားထားရှိရမည် ဖြစ်သည်။ အခြားသူတစ်ဦး တစ်ယောက်အား ပြုလုပ်ရန်သင့်၊ မသင့် ချင့်ချိန်ကြည့်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် ပြည်သူ သာအဓိကဖြစ်သည်။ ပြည်သူများ အသိတရားရှိပါလျှင်၊ ညီညွတ်ကြပါလျှင် တွေးတောပူပန်စရာမရှိ၊ ကြောက်ရွံ့စိုးရိမ်စရာမရှိ၊ အားငယ်စရာ လည်း မရှိပေ။ ယခုအချိန်အခါတွင် ပြည်သူအချင်းချင်း အပြစ်တင်ရန်၊ ငြူစူရန် အချိန်အခါမဟုတ်ပေ။ ပြည်သူအချင်းချင်း စည်းလုံးညီညွတ်ကြပြီး ပြည်သူ များ၏အားကို တပေါင်းတစည်းတည်း ပေါင်းစည်းခြင်း ဖြင့် အလွန်ကြီးမား သောစွမ်းအားကို တည်ဆောက်ကြရမည့် အချိန်အခါဖြစ်သည်။ ကိုဗစ် ရောဂါကူးစက်မှု အရှိန်အဟုန် တိုးမလာအောင်၊ ကျဆင်းသွားအောင်၊ ရပ်တန့်သွားအောင် ပြည်သူအားလုံးက စာနာစိတ်ဖြင့်၊ မေတ္တာစိတ်ဖြင့် တာဝန်ကျေပွန်သော လူသားများဖြစ်အောင် စွမ်းဆောင်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းအပ် ပါကြောင်း။ ။