လူကုန်ကူးမှုသည် အများအားဖြင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့အပြားတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနေကြသည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးကို ကမ္ဘာ့နိုင်ငံအသီသီးကဆောင်ရွက်နေ ကြသည့်တိုင် လျော့နည်းပပျောက်သွားခြင်းမရှိဘဲတိုးလာနေသည် ဟုသာဆိုသည်။ ယင်းသို့ တိုးလာနေ ရသည့် အဓိကအကြောင်းရင်း ခံကလည်း ရှိနေသည်။ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ခြင်း၊ လက်နက်မှောင်ခို ရောင်းဝယ်ခြင်းတို့နည်းတူ လူကုန်ကူးခြင်းမှရရှိ သည့် အကျိုးအမြတ်ပမာဏ ကြီးမားခြင်းက ရာဇဝတ်ဂိုဏ်းများ အတွက် ဆွဲဆောင်မှုဖြစ်သလို လူကုန်ကူးမှု၏ သားကောင်များ အရေအတွက် တိုးလာနေခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံအပါအဝင် အရှေ့ အာရှနှင့် ပစိဖိတ်ဒေသအတွင်း လူကုန်ကူးခံရသူများကို ကြည့်ပါက အမျိုးသမီး ၄၈ ရာခိုင်နှုန်းနှင့် အမျိုးသား ၂၉ ရာခိုင်နှုန်းဖြစ်ပြီး ကျန် ၂၃ ရာခိုင်နှုန်းမှာ ကလေး များဖြစ်သည်။ ကလေးများတွင်လည်း ၁၉ ရာခိုင်နှုန်းမှာ မိန်းကလေး များဖြစ်ပြီး ၄ ရာခိုင်နှုန်းမှာ ယောက်ျားလေးများ ဖြစ်သည်ဟု ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ လူကုန်ကူးခံရမှု အမျိုးအစား တွင်လည်း လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု ၆၀ ရာခိုင်နှုန်း၊ လုပ်အား ခေါင်းပုံဖြတ်မှု ၃၈ ရာခိုင်နှုန်းနှင့် အခြားလူကုန်ကူးမှု ၂ ရာခိုင်နှုန်း ပါဝင်သည်။ လူကုန်ကူးမှုများတွင် စိစစ်ဖော်ထုတ်ချက်အရ မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးမှု တရားခံအများစုမှာ အမျိုး သမီးများ ဖြစ်ကြရာ လူကုန်ကူးမှုတွင် သားကောင်များရော ကျူးလွန် သူများပါ အများစုမှာ အမျိုးသမီးများပင် ဖြစ်သည်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် သြဂုတ်လအတွင်း လူကုန်ကူးမှု ၁၆မှု ဖော်ထုတ်အရေးယူ ခဲ့ရာတွင် တရားခံ ၄၈ ဦးကို ဖမ်းဆီးခဲ့ရာ အမျိုးသမီးတရားခံမှာ ၃၇ ဦးဖြစ်ပြီး အမျိုးသားတရားခံမှာ ၁၁ ဦးဖြစ်သည်။ လူကုန်ကူးမှု ကျူးလွန်ခံရသူ ၁၇ ဦးစလုံး အမျိုးသမီးများဖြစ်ပြီး ယင်းအနက်မှ ခုနစ်ဦးမှာ ကလေးများဖြစ်သည်။ အဆိုပါလူကုန်ကူးမှု ၁၆ မှုအနက် ၁၂ မှုမှာ တရုတ်ပြည်သို့ ပို့ဆောင်အဓမ္မလက်ထပ်မှုဖြစ်ပြီး ကျန်လေးမှုမှာ ပြည်တွင်း၌ အဓမ္မပြည့်တန်ဆာပြုမှု သုံးမှုနှင့် အဓမ္မ လက်ထပ်မှု တစ်မှုတို့ ဖြစ်သည်။
လူကုန်ကူးမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို ကျူးလွန်ခံရ သူများ၏ ရှုထောင့်မှကြည့်ပါက ဆင်းရဲမွဲ တေခြင်း၊ လူမှုစီးပွားဘဝ နိမ့်ကျခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ရင်ဆိုင်ကြုံ တွေ့ရခြင်းကဲ့သို့သော အကြောင်းတရား များကြောင့် ဖြစ်သည်ကို တွေ့ရသည်။ ယင်းအခြေ အနေများမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် ပြည်ပနိုင်ငံများသို့ တရားဝင်ဖြစ်စေ၊ တရားမဝင် ဖြစ်စေ အလုပ်လုပ်ကိုင်ရန် သွားရောက် ကြရာမှ လူကုန်ကူးသူများ၏သားကောင်ဘဝသို့ ကျရောက်ကြရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ ဘက်စုံထောင့်စုံမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် ပြည်သူလူထုအကြား၊ ကျောင်းသားကျောင်း သူလူငယ်များအကြား လူကုန်ကူးမှုအန္တရာယ် ကို ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် လိုအပ်လျက် ရှိသလို လူကုန်ကူးမှုသတင်းများကို သက်ဆိုင်ရာသို့ ဆက်သွယ် ပေးပို့နိုင်ရေးအတွက်လည်း ပိုမိုလွယ်ကူ လျင်မြန်သည့် နည်းလမ်းများ ပြည်သူလူထုက အလွယ်တကူသိရှိနိုင်ရန် လိုအပ်လျက်ရှိသည်။
လူကုန်ကူးမှုများ လျော့နည်းပပျောက်ရေးအတွက် အသိပညာ ပေးရေး၊ လူကုန်ကူးခံရမည့် အလား အလာရှိသူများကို ကြိုတင် ကာကွယ်ရေး၊ လူကုန်ကူးသူများကို ဖော်ထုတ်ရေး၊ လူကုန်ကူး ခံရသူများအား ကယ်ဆယ်ရေးနှင့် ပုံမှန်ဘဝ အခြေအနေများ ပြန်လည်ရရှိအောင် ထူထောင်ရေးတို့တွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံသားကောင်းတစ်ဦး၏ အမျိုးသားရေးတာဝန်ကို ကျေပွန်နိုင်ကြ ပါစေကြောင်း။ ။