Skip to main content

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၉

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (/၂၀၂၀) ကို ယနေ့နံနက်ပိုင်း တွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီ ဝင်များဖြစ်ကြသော စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက မိမိတို့ ကော်မတီအနေဖြင့်  ယနေ့အထိ အစည်းအဝေး()ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၁၀၂) ချက် ချမှတ်ကာ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဤသို့ ဆောင်ရွက်နိုင်မှု ကြောင့် စီးပွားရေးအရ သက်ရောက်မှုများအပေါ် လိုအပ်သည့် ကုစားဆောင်ရွက်မှုများ အချိန်မီဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်နေသည့် သက်ရောက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့်လည်း ဘက်စုံ၊ ထောင့်စုံမှ လိုအပ်သည်များ ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိပါကြောင်း။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်အထိ စာရင်းများအရ နိုင်ငံတော်က ဆောင်ရွက်ပေးမှု အနေဖြင့် ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများသို့ ပထမအကြိမ် ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၇၁ ဒသမ ၁၀၃ ဘီလီယံ၊ ဒုတိယအကြိမ်အဖြစ် ငွေကျပ် ၂၁၈ ဒသမ ၁၁၂ ဘီလီယံ၊ တတိယအကြိမ်အဖြစ် ငွေကျပ် ၁၁၃ ဒသမ ၅၃၅ ဘီလီယံ ၊  စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ တစ်ဆင့် ထောက်ပံ့ဆောင်ရွက်ငွေ ကျပ် ၉၂ ဒသမ ၆၁၂ ဘီလီယံ၊ သက်ကြီး ရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများနှင့် မသန်စွမ်း ပုဂ္ဂိုလ်များအပါအဝင် အခြားထောက်ပံ့သင့်သည့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် ထောက်ပံ့ ငွေကျပ် ၃၅ ဒသမ ၉၂၃ ဘီလီယံ ၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများအတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက  အသုံးပြုရန် ငွေကျပ် ၂၆၇ ဒသမ ၉၀၃ ဘီလီယံ၊ စားသောက် ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များသို့ ထုတ်ချေးငွေကျပ် ၁၀၀ ဘီလီယံ၊ အသေးစားချေး ငွေလုပ်ငန်းများသို့ ထုတ်ချေးငွေကျပ် ၁၀၀ ဘီလီယံ၊ မိမိတို့ကော်မတီက တာဝန်ယူဆောင်ရွက်သည့် COVID-19 Fund မှ  ထုတ်ချေးငွေကျပ်ဘီလီယံ ၂၀၀ ၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ထုတ်ချေးငွေကျပ်ဘီလီယံ ၆၀၀ ၊ ၂၀၂၀ ပြည့်နှစ် ဧပြီ၊ မေလနှင့် ဇွန်လများအတွက် လျှပ်စစ်ဓာတ်အားခများအတွက် ထောက်ပံ့ငွေ ကျပ် ၁၀၇ ဒသမ ၃၇၉ ဘီလီယံနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အတွက် လျှပ်စစ်ဓာတ်အားခ ထောက်ပံ့ငွေကျပ် ၁ ဒသမ ၅၁၈ ဘီလီယံ၊ စုစုပေါင်းငွေကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလီယံ လျာထားသတ်မှတ်ကာ ထောက်ပံ့ဆောင်ရွက်ပေး ခဲ့ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ဒုတိယအကြိမ် ချေးငွေများ ထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ပြီးပြတ်အောင် စိစစ်ထုတ်ပေး နိုင်ရေး  အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်းများသို့ သီးခြားအစီအစဉ်ဖြင့် ချေးငွေထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များအပါအဝင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ပြောင်းလဲဖြစ်ပေါ်လာသည့် စီးပွားရေး ဆိုင်ရာ သက်ရောက်မှု အခြေအနေများအပေါ် ကုစားဆောင်ရွက်နိုင်ရေးအတွက် အစီအစဉ်များ   လိုအပ်သလို ရေးဆွဲဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများက တင်ပြလာသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက အခွန်ဆိုင်ရာ ဖြေလျော့မှုများအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ၃ လတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်း ခွန်တို့နှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက်လည်း လစာနှစ်လစာ အတိုးမဲ့ ကြိုတင်ချေးငွေကို ဆိုင်းငံ့ကာလ ၆ လ၊ ပြန်လည်ပေးဆပ်ရမည့် ကာလတစ်နှစ် သတ်မှတ် ကာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာမှ စတင်၍ ထုတ်ချေးပေးရန်လည်း စီစဉ်ထား ရှိပြီးဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဌက ကိုဗစ်-၁၉ ရန်ပုံငွေမှ ဒုတိယအကြိမ် ချေးငွေပေး အပ်ရန် သတ်မှတ်ထားသည့် စီးပွားရေးကဏ္ဍများသို့ ချေးငွေထုတ်ပေးနိုင် ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၇ ရက်တွင် လျှောက်လွှာများကို  စတင်လက်ခံခဲ့ပြီး  ချေးငွေများ ဆောလျင်စွာ ထုတ်ပေးနိုင်ရန် စိစစ်ဆောင်ရွက်လျှက် ရှိပါကြောင်း၊  ထုတ်ပေး ထားသည့် ချေးငွေများအပေါ် လုပ်ငန်းရှင်များက သုံးစွဲဆောင်ရွက်မှု အခြေ အနေများ ကိုလည်း ယခုလအတွင်း လုပ်ငန်းအဖွဲ့က စိစစ်တင်ပြပေး စေလိုကြောင်း၊ ကိုဗစ်-၁၉ ပြန့်ပွားမှု သည် ဩဂုတ်လမှစတင်၍ ထပ်မံဖြစ်ပေါ်လျက် ရှိသဖြင့်  ထပ်မံပေါ်ပေါက်နိုင် သည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ ကြိုတင် သုံးသပ်ကာ အချိန်မီ ကုစား ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိရန် တိုက်တွန်း လိုကြောင်း ဆွေးနွေး ပြောကြားသည်။

(သတင်းစဉ်)