နေပြည်တော် ဇွန် ၂၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့မိမြို့ဖများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကြပြီး နိုင်ငံအကျိုးအတွက်မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည် Video Clip ကိုပြသသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စာဖတ်ခြင်းဖြင့် အသိကြွယ်ခြင်း၊ ဗဟုသုတများခြင်း၊ ကျိုးကြောင်းညီညွတ်စွာ သုံးသပ်နိုင်မှုစွမ်းရည် တိုးတက်လာခြင်း၊ အခြားသူများထံမှ အတွေ့အကြုံကိုရယူ၍ မိမိနှင့်ပတ်ဝန်းကျင်လူမှုဘဝအောင်မြင်မှုတွင် အသုံးချနိုင်ခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ အာရုံစူးစိုက်သည့် အလေ့အကျင့်ဖြစ်ထွန်းလာခြင်း၊ စိတ်ကူးစိတ်သန်းကောင်း၍ ဖန်တီးနိုင်မှု စွမ်းရည်မြင့်မားလာခြင်း၊ ဦးနှောက်ကို ပိုမိုထက်မြက်အောင် လှုံ့ဆော်ပေးနိုင်ခြင်း၊ လူတစ်ဦး၏ နေ့စဉ်ဘဝပြဿနာများကို စနစ်ကျစွာရင်ဆိုင်ဖြေရှင်းနိုင်၍ ဘဝတိုးတက်ခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချနိုင်ခြင်း စသည့်စာပေ အကျိုးကျေးဇူးများစွာရရှိကြမည်ဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် နေ့စဉ်စာဖတ်ရာတွင် သုတ/ရသ ပညာရပ်အစုံကို ဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်က အားကိုး အားထားရသော သားကောင်း သမီးကောင်းပညာရှင်များ ပေါ်ထွန်းရေးအတွက် ကြိုးစားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် စာပေပညာရှင် ဆရာဦးရဲမွန်ကျော်က စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးသည်။
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် ကျောက်စာများ၊ စာအုပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများနှင့် စာပေဆွေးနွေးပွဲ ဆွေးနွေးမှုများ၊ စာအုပ်အရောင်းဆိုင်များ၊ ကျောင်းသား ကျောင်းသူများ မြားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ စသည့် ပျော်ရွှင်ဖွယ်ဂိမ်းများ ကစားနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်