Skip to main content

(၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် ယောဂသရုပ်ပြစုပေါင်းလေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂၁

ရန်ကုန်မြို့အခြေစိုက် အိန္ဒိယသံရုံးမှကြီးမှူးကျင်းပသည့် (၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ (10th International Day of Yoga) အထိမ်းအမှတ် ယောဂသရုပ်ပြစုပေါင်းလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်‌တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ အိန္ဒိယသံရုံးမှကောင်စစ်ဝန် Shri.R.C. Yadav ၊ အိန္ဒိယနိုင်ငံဆက်ဆံရေးရုံးမှ ပထမအတွင်းဝန်နှင့် ဆက်ဆံရေးရုံးအကြီးအကဲ Ms. Ritu Yadav နှင့် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဦးစွာ အိန္ဒိယနိုင်ငံဆက်ဆံရေးရုံးမှ ပထမအတွင်းဝန်နှင့် ဆက်ဆံရေးရုံးအကြီးအကဲဖြစ်သူ Ms. Ritu Yadav က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အိန္ဒိယသံရုံးမှကောင်စစ်ဝန် Shri.R.C.Yadav က (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ (10th International Day ofYoga) အထိမ်းအမှတ် ယောဂသရုပ်ပြစုပေါင်းလေ့ကျင့်ခြင်းအစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာယောဂနေ့ဖြစ်ပေါ်လာပုံနှင့် ယောဂကျင့်စဉ်၏ အဓိကအနှစ်သာရများနှင့် ရရှိနိုင်သည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်၌ အိန္ဒိယနိုင်ငံသံရုံးမှ ယောဂသရုပ်ပြ Ms.Lalan Desai က ယောဂသရုပ်ပြလေ့ကျင့်နည်းများပြသ၍ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းလေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မြောက်ဘက်မုခ်လှေကား၌ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ (၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ (10th International Day of Yoga) အထိမ်းအမှတ်နှင့် ယောဂသရုပ်ပြ စုပေါင်းလေ့ကျင့်ခြင်းအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း သတ်မှတ်ထားသည့်နေရာ၌ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ကောင်စစ်ဝန်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဆက်ဆံရေးရုံးအကြီးအကဲတို့က ကံ့ကော်ပင်များကိုအတူတကွ စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်