နေပြည်တော် ဇွန် ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့် ရာသီဥတုကို လက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရတနာတန်းဝင် မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင်ပင်များနှင့် မန်ကျည်းပင် စုစုပေါင်း ၅၃၂ ပင်ကို စုပေါင်းစိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများက အမျိုးသားရေးလှုပ်ရှားမှု အသွင်ဖြင့် ပျိုးပင်များ စုပေါင်းစိုက်ပျိုးနေမှုကိုလည်းကောင်း၊ ယခင်နှစ်များက စိုက်ပျိုးထားရှိသည့် ရတနာတန်းဝင်ပင်၊ နှစ်ရှည်ပင်၊ အရိပ်ရလေကာပင်များ၏ ရှင်သန်ဖြစ်ထွန်းမှုနှင့် ပြန်လည်အစားထိုးစိုက်ပျိုးထားရှိမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။
ထို့အတူ နယ်စပ်ရေးရာ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများ၌လည်း ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို တစ်ပြိုင်နက်ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များနှင့် သီးပင်စားပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန တစ်ခုလုံးအနေဖြင့် ယနေ့တွင် သစ်ပင်ပေါင်း ၁၂၇၀၀ စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်