Skip to main content

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး တပ်ကုန်းမြို့နယ်အတွင်း ပြည်သူ့စစ် (ဌာနေ) အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၏ဆောင်ရွက်မှုနှင့် လိုအပ်သောအုပ်ချုပ်ထောက်ပံ့မှုများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇွန် ၂၀

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တပ်ကုန်းမြို့နယ်အတွင်း ပြည်သူ့စစ် (ဌာနေ) များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်သောအုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေး၊ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှု၊ လူဦးရေနှင့် အိမ်ထောင်စုသန်းခေါင်စာရင်းကောက်ယူခြင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် အကြမ်းဖက်အဖျက်သမားများကို လူထုအားဖြင့် ကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် နယ်မြေအတွင်း အကြမ်းဖက်အဖွဲ့အစည်းများ ဝင်ရောက်လှုပ်ရှားမှုမရှိစေရေးနှင့် ပြည်ဖျက်သတင်းဌာနများ၏ မဟုတ်မမှန်သတင်း အမှားများအပေါ် ယုံကြည်မှုမရှိစေရေး ရှင်းလင်းမှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းတို့က ပြည်သူ့စစ် (ဌာနေ) အဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအတွက် ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတင်ပြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဖြေကြားပြီး ပြည်သူ့စစ် (ဌာနေ) အဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ကျေးရွာတာဝန်ရှိ သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်များသည် တပ်ကုန်းမြို့ အနော်ရထာရပ်ကွက် မြို့ရှေ့ စန္ဒာရုံကျောင်းတိုက် ဦးစီးပဓာနနာယက မြို့နယ်ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တစန္ဒာသီရိ သက်တော်ရှည် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်