Skip to main content

အလုပ်သမားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော် ဇွန် ၂၀

အလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနနှင့် ဆက်စပ်လျက်ရှိသည့် ရုံးဝင်းအနောက်ဘက် မြေကွက်လပ်နေရာ၌ ကျင်းပပြုလုပ်ရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်ပင်များကို ရှင်သန်ဖွံ့ဖြိုးလာအောင် စိုက်ပျိုးပြုစုပျိုးထောင်ကြ ခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်သာယာလှပ လာမည်ဖြစ်သည့်အတွက် ယခုနှစ် မိုးရာသီ ကာလတွင် နိုင်ငံပိုင်သစ်တော စိုက်ခင်းများအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုးသွားမည်ဟု သိရှိရပါကြောင်း၊ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးသူကိုယ်တိုင်နှင့် စိုက်ပျိုးသူများ၏ ပတ်ဝန်းကျင်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည့်အပြင် အစွန်းရောက်ရာသီ ဥတုဖြစ်စဉ်များကို ကာကွယ်နိုင်ခြင်း၊ လေထုကိုသန့်စင်ပေးနိုင်ခြင်း၊ ပတ်ဝန်းကျင်ကို အေးမြစေခြင်း၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်ခြင်း၊ စားရေရိက္ခာဖန်တီးပေးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးပြီးအပင်များ ရှင်သန်ဖြစ်ထွန်းစေရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများက ပျိုးပင်များကို သတ်မှတ်နေရာများ၌ ဦးဆောင်စိုက်ပျိုးကြပြီးဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများက အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် ပျိုးပင်များ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ကျွန်း ၈၆၇ ပင်၊ ယမနေ ၈၇၉ ပင်၊ ပေါင်း ၁၇၄၆ ပင်ကို တစ်တန်းစီစိုက်ပျိုး၍ မန်ဂျန်ရှားပင် ၁၀၃၀ ကို စိုက်ခင်းပတ်လည် အနားစပ်များတွင် စိုက်ပျိုးခဲ့သဖြင့် စုစုပေါင်း ၂၇၇၆ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်