နေပြည်တော် ဇွန် ၂၀
၂၀၂၄ ခုနှစ် ဥပဒေရေးရာဝန်ကြီးဌာန၏ ငါးမျိုးစိတ်စိုက်ထည့်ခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များသည် ငါးသားပေါက်ကောင်ရေ စုစုပေါင်း ၃၀၀၀ ကို ဥပဒေရေးရာဝန်ကြီးဌာန၏ ရုံးအဝင်လမ်းရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးကြသည်။
ယင်းနောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်ရှိ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း၌ ဆက်လက်ကျင်းပရာ သတ်မှတ်နေရာများ၌ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က တရုတ်စကားပင်ကို စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက တရုတ်စကားပင်၊ ငု၊ အာဆီယံသပြေနှင့် ကံ့ကော်ပင်တို့ကို စိုက်ပျိုးပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်တို့သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အရာထမ်း၊ အမှုထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။
ယခုနှစ် ဥပဒေရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် တရုတ်စကားပင်၊ ငု၊ အာဆီယံသပြေနှင့် ကံ့ကော် အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်