နေပြည်တော် ဇွန် ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် ချီးမြှင့်သော ထူးချွန်ဆုများ ချီးမြှင့်အပ်နှင်းခြင်း၊ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သူများ၊ စီမံကိန်းလုပ်ငန်းများအလိုက် ဆောင်ရွက်နိုင်သူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ခြင်း၊ သင်တန်းအလိုက် ဝန်ထမ်းထူးချွန်ဆုများ ချီးမြှင့်ခြင်း၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဆုရကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရေး၊ မြို့ပြနှင့် ကျေးလက်အကြား၊ ပြည်နယ်များနှင့် တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်တွင် စတင်ဖွဲ့စည်းပေးခဲ့ရာ ယနေ့ ဆိုလျှင် ဝန်ကြီးဌာန၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ရောက်ရှိပြီဖြစ်ကြောင်း၊ ယခုလို မင်္ဂလာရှိသော (၃) နှစ်ပြည့်ကာလမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် သမဝါယမလုပ်ငန်းများနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေးအတွက် မိမိတို့ဝန်ထမ်းများက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးက မိမိတို့ဝန်ကြီးဌာန၏ (၃) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှသည် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် ဘွဲ့၊ တံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီမံထူးချွန်တံဆိပ် (ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်) ရရှိကြသူများ၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (တတိယဆင့်) ရရှိသူများ၊ အာရှနှင့် ပစိဖိတ်ဒေသအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ခြင်းကြောင့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ဌာန CIRDAP အဖွဲ့အစည်းမှ ပေးအပ်ချီးမြှင့်သည့် Aziz-UL Haq (2024) ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးဆုရရှိသူနှင့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ကဏ္ဍပေါင်းစုံ အကောင်းဆုံးဆောင်ရွက်နိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဆုရရှိသူများ၊ ချေးငွေအပြေအကျေပေးဆပ်နိုင်သည့် ဆုရရှိကြသူများ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအကောင်းဆုံးဆုရရှိသူများ၊ ပူးပေါင်းဆောင်ရွက်နိုင်မှု အကောင်းဆုံးဆုရရှိသူများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆုရရှိကြသူများ၊ ဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်မှု ပထမဆု၊ ဘက်စုံထူးချွန်ဆု၊ လူရည်ချွန်ဆု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဆုရရှိကြသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိကြသည့် ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ဝန်ထမ်းများအတွက် တူညီဝတ်စုံများကိုလည်းကောင်း၊ ကံစမ်းမဲပေါက်သူများအား ဆုလက်ဆောင်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ပါမောက္ခချုပ်များက စွမ်းဆောင်ရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိသူ ၂၀၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဆုရရှိသူ ၁၁ ဦး၊ စာတမ်းရှင် ထူးချွန်ဆုရရှိသူ ခြောက်ဦး၊ လုပ်ငန်းများ အလိုက် စွမ်းဆောင်ရည်အကောင်းဆုံးဆုရရှိသူ ၂၀၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ခုနစ်ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် သုံးဦး၊ ၃ ဘာသာဂုဏ်ထူးရှင် သုံးဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ငါးဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၄ ဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၃၈ ဦးနှင့် ရိုးရိုးအောင် ၄၁ ဦး၊ လူချွန်ရည်ဆုရရှိသူတစ်ဦးတို့ကို ထူးချွန်ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်