နေပြည်တော် ဇွန် ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က အောင်ပန်းမြို့ရှိ ဒေသသုတေသနဗဟိုဌာန၏ ပဲပုပ်သီးနှံသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဌာနကထုတ်လုပ်ပေးလိုက်သည့် ဆင့်ပွားမိဘမျိုးစေ့မှ အဆင့်ဆင့်မျိုးပွားထုတ်လုပ်ပြီး မျိုးစေ့ဖူလုံရေးဆောင်ရွက်ရာတွင် မျိုးစေ့စီးဆင်းမှုမှန်ကန်ရေး၊ ထိရောက်သော မျိုးသန့်မျိုးပွားမျိုးဖြန့်မှုလုပ်ငန်း ပီပြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ မျိုးစေ့ထုတ်တောင်သူများ အကျိုးအမြတ်သေချာစေရေးနှင့် စီးပွားဖြစ်စိုက်ပျိုးရန် ထုတ်လုပ်လိုက်သည့်မျိုးစေ့ကို အသုံးပြု၍စိုက်ပျိုးရာတွင်လည်း တွက်ခြေကိုက်သည့် အထွက်နှုန်းနှင့် အရည်အသွေးရရှိစေရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ ခင်းကျင်းပြသထားမှုနှင့် စမ်းသပ်စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများအတွက် မျိုးစေ့များထောက်ပံ့ပေးအပ်သည်။
ထို့နောက် တောင်ကြီးမြို့နယ် ကွမ်းလုံကျေးရွာအုပ်စုကျောက်နီ စိုက်ကွင်းမွေးမြူရေးမြေဧရိယာ ၆၅၉ ဧကအပေါ်တွင် မွေးမြူရေးဇုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဇုန်အတွင်း နို့စားကျွဲ၊ နို့စားနွား၊ အသားစားနွားနှင့် ဒေသနွားများမွေးမြူထားရှိမှု၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးထားရှိမှုနှင့် မွေးမြူရေးခြံအတွင် ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးဇုန်အတွင်း ဇီဝလုံခြုံမှုရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားကာ မွေးမြူရေးတောင်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ညောင်ရွှေမြို့နယ် ရှမ်းရိုးမမွေးမြူရေးဇုန်၌ မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ မေးမြန်းဆွေးနွေးပြီး ဇုန်အတွင်းဥစားကြက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ တောင်သူများအတွက် မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းနှင့် ဆက်စပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တွေ့ဆုံ၍ ဒေသဝမ်းစာဖူလုံရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်