Skip to main content

ငဖဲမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်း လုပ်ငန်းဆောင်ရွက်

ငဖဲ စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူ များအား မျိုးစပါးမျိုးကောင်းမျိုးသန့်ထုတ်ယူ သုံးစွဲနိုင်ရန်ရည်ရွယ်၍ (CE RP)အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်း လုပ်ငန်းကို ယမန်နေ့ညနေပိုင်းက ဆင်ချည်တိုင် ကျေးရွာအုပ်စုနှင့် ပေကုန်းအုပ်စု အတွင်းရှိသော တောင်သူများ၏ လယ်မြေများ တွင် ကွင်းဆင်းဆောင် ရွက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်း ကမျိုးစေ့ထုတ် စိုက်ခင်း များ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းလာရောက်လေ့လာသူတောင်သူများအား မျိုးကွဲ ထုတ်ပယ်သည့် နည်းစနစ် များ၊အပင်ဖြစ်ထွန်းမှု၊ပိုးမွှားကျရောက်မှုရှိ၊မရှိ စစ်ဆေး ကြည့်ရှု နည်းများကို ရှင်းလင်း ပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက စိုက်ခင်းများအတွင်းမျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းကို လက်တွေ့ပြသ ဆောင်ရွက်ခဲ့ သည်။

အဆိုပါမျိုးစေ့ထုတ်စိုက်ခင်းများမျိုးကွဲပယ်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းအားဖြင့် တောင်သူများ အနေဖြင့်မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ခြင်းနှင့် ထွက်ရှိမည့်ဆန် အရည် အသွေး ကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး မျိုးကွဲပယ်ခြင်း လုပ်ငန်းကို ပင်ပွားကာလ၊ပန်းပွင့်ကာလ နှင့် သီးနှံရင့်မည့် အချိန်ကာလများ တွင် နုတ်ပယ်ရမည်ဖြစ်ကြောင်း နှင့် CERP အစီအစဉ်အရ ငဖဲမြို့နယ် အတွင်း မျိုးစေ့ ထုတ်စိုက်ဧက ၁၃၅ ဧကရှိကြောင်းသိရသည်။

မယု(ငဖဲ)