Skip to main content

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်

ရန်ကုန် ဇွန် ၁၆

၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို “အမျိုးသမီးများရဲ့စွမ်းဆောင်မှုလူမှုဘဝအကျိုးပြု” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံသားတိုင်းမည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကာ ပညာရေးဆိုင်ရာ၊ ကျန်းမာရေးနှင့်အားကစားဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ ဘာသာ/သာသနာအကျိုးပြုလုပ်ငန်းများကိုအခြေပြု၍ မြန်မာအမျိုးသမီးထု၏လှုပ်ရှားမှုကို ပေါ်လွင်စေရန် လွတ်လပ်စွာရိုက်ကူးယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ်ရှစ်သိန်း၊ တတိယဆု ငွေကျပ်ခြောက်သိန်းနှင့် အထူးဆုငါးဆုပါရှိမည်ဖြစ်ပြီး အထူးဆုတစ်ဆုလျှင် ငွေကျပ်လေးသိန်းစီချီးမြှင့်မည်ဖြစ်သည်။

ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်းရိုက်ကူးထားသော ဓာတ်ပုံဖြစ်ရမည်။ မည်သည့် ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၂ လက်မ x ၁၈ လက်မဆိုဒ်ဖြစ်သည်။ ပုံအရေအတွက် အကန့်အသတ်မရှိယှဉ်ပြိုင်နိုင်သည်။ ၁၂ လက်မ x ၁၈ လက်မဆိုဒ်ဓာတ်ပုံနှင့်အတူ Soft Copy CD ကိုလည်း တစ်ပါတည်းပူးတွဲပေးပို့ရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်း၊ ပြည်ပဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့်ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသော ဓာတ်ပုံများကို ယှဉ်ပြိုင်ခွင့်မပြုပါ။ ဆုရရှိသော ဓာတ်ပုံများအား အများပြည်သူအကျိုးငှာပြပွဲများ၊ စာအုပ်စာစောင်များ၊ သင်ခန်းစာကဏ္ဍများနှင့် ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်ဖြစ်ပြီး ဆုမရရှိသောဓာတ်ပုံများလိုအပ်၍ အသုံးပြုမည်ဆိုပါက ခွင့်ပြုပေးရမည်ဖြစ်ပြီး သင့်တော်သောဉာဏ်ပူဇော်ခကို ချီးမြှင့်ပေးသွားမည်။ ပြိုင်ပွဲဝင်ဓာတ်ပုံ၏ နောက်ကျောတွင် မိမိကိုယ်တိုင်ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံချက် ပါရှိရမည်ဖြစ်ပြီး အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံပါ အကြောင်းအရာ၊ ရိုက်ကူးသည့် နေရာဒေသတို့ကို သီးခြားစက္ကူဖြင့် ရေးကူး၍ ပူးတွဲပေးပို့ရမည်။

ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၄ ခုနှစ် ဇွန် ၂၈ ရက် နောက်ဆုံးထားပြီး မြန်မာနိုင်ငံဓာတ်ပုံအသင်း အမှတ် ၂၇/၂၉ ၊ ၃၅ လမ်း(အောက်ဘလောက်)၊ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ရုံးဖုန်း-(၀၉၇၇၇၈၄၃၃၈၇)သို့ ဆက်သွယ်ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ထက်ကျော်လွန်၍ ပေးပို့လာသောဓာတ်ပုံများကို ပြိုင်ပွဲဝင် ဓာတ်ပုံအဖြစ်လက်ခံမည်မဟုတ်ကြောင်း သိရသည်။

သတင်းစဉ်