နေပြည်တော် ဇွန်လ ၁၆
တရားမျှတမှုကိုလိုလားပြီး အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်များနှင့် ပူးပေါင်းပါဝင်မှုများကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲ အခမ်းအနားကျင်းပစဉ် အပြစ်မဲ့ပြည်သူများကို ထိခိုက်သေကြေပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက်သမားများ ဖြစ်သည့် ချိုကြီး(ခ)ဟိန်းထက်အောင် အပါအဝင် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား ၁၀၇ မမရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် သတင်းအား ဇွန်လ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ဖမ်းဆီးရမိတရားခံ ချိုကြီး(ခ)ဟိန်းထက်အောင်၏ ထွက်ဆိုချက်အရ ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်လျက်ရှိသော Dark Shadow အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် မျိုးသိန်းထွန်း(၃၄)နှစ်အား FGC-9 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခုတို့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်းအိမ်ရာ၊ ပျိုးခြံလိုင်း၊ အခန်းအမှတ်(၁၃)တွင် လည်းကောင်း၊ ဇော်ကြီး(ခ)ကိုထက်(၃၀)နှစ်အား လက်လုပ်မိုင်း ၁ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ ရီမု ၁ ခု တို့နှင့်အတူ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ပိတောက်လမ်း၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ နီလာအဆောင်၊ အခန်းအမှတ်(B-7)တွင် လည်းကောင်း၊ ရဲဇော်ထွန်း(ခ)ဖီးနစ်(၃၄)နှစ်အား ပွိုင့်-၃၈ ကျည် ၂၉ တောင့်၊ လက်လုပ်မိုင်း ၅ လုံး၊ လက်လုပ်ရှို့ပစ်ဗုံး ၁ လုံး၊ Keypad ဖုန်း ၄ လုံး၊ ဓာတ်ခဲ ၉ လုံး၊ ပုလဲဓာတ်မြေဩဇာ ၁ ထုပ်တို့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းအိမ်ရာ၊ သီဟလိုင်း၊ အခန်းအမှတ်(၄)တွင် လည်းကောင်း၊ ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်း(၂၁)နှစ်အား လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ တိုက်(၄၅)၊ အခန်း(၁၀၃)တွင် လည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ချိုကြီး(ခ)ဟိန်းထက်အောင်၊ ရဲဇော်ထွန်း(ခ)ဖီးနစ်၊ ဇော်ကြီး(ခ)ကိုထက် နှင့် ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်း တို့သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် လူမှုကွန်ရက်၌ ရင်းနှီးခဲ့သူ ရန်ကုန် UG အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ ဖြူနှင်းအေး(ခ)မီးအိမ်ရှင်၏ စည်းရုံးမှုဖြင့် KNLA တပ်မဟာ(၆) လှုပ်ရှားနယ်မြေ လေးကေ့ကော်မြို့သစ်အနီး၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်စဉ် အကြမ်းဖက် အုပ်စုအဖြစ် ကြေငြာထားသော NUG မှ တရားခံပြေးရည်မွန် ဦးဆောင်ပြုလုပ်သည့် Online Meeting တွင် ပါဝင်တက်ရောက်ခဲ့ကာ တရားခံပြေးရည်မွန်မှ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းဆင်းပြီးပါက ရန်ကုန်မြို့အတွင်းသို့ လျှို့ဝှက်စွာ ပြန်လည်ဝင်ရောက်၍ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် စေခိုင်းခဲ့ပြီး လိုအပ်သည့် လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား ချိတ်ဆက်ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်၍ ချိုကြီး(ခ)ဟိန်းထက်အောင်၊ ရဲဇော်ထွန်း(ခ)ဖီးနစ်၊ ဇော်ကြီး(ခ) ကိုထက် နှင့် ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်း တို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ချမ်းငြိမ်းသူ(ခ) ပန်ဒါလေး ခေါင်းဆောင်သည့် Dark Shadow အမည်ခံအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းနောက် ရန်ကုန်မြို့အတွင်းရှိ လှိုင်သာယာမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တို့တွင် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် လက်နက်/ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ငွေကြေးများအား တရားခံပြေး ရည်မွန်က ဖမ်းဆီးရန်ကျန်တရားခံ ချမ်းငြိမ်းသူ (ခ)ပန်ဒါလေးမှတစ်ဆင့် ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ တရားခံပြေးရည်မွန်၏ စေခိုင်းမှုဖြင့် Dark Shadow အမည်ခံအကြမ်းဖက်အဖွဲ့မှ ရန်ကုန်မြို့အတွင်း၌ အကြမ်းဖက်ဖောက်ခွဲမှု ၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း-
တရားခံ ရဲဇော်ထွန်း(ခ)ဖီးနစ် သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ လျှပ်စစ်ရုံးရှေ့၌ လက်လုပ်မိုင်း ၂ လုံး သွားရောက်ဖောက်ခွဲခဲ့ကြောင်း။
တရားခံ ဇော်ကြီး(ခ)ကိုထက် နှင့် ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်းတို့ ၂ ဦးသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ (ဒုတိယပတ်)တွင် လှိုင်သာယာမြို့နယ်၊ (၅)လမ်းထိပ် ရဲကင်းစခန်းအား လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။