ဘီးလင်း စက်တင်ဘာ ၉
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၀/၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သတ်သည့် မြေပြင်အခြေအနေများကို ယမန်နေ့ နံနက်က တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းထောစံနှင့် ဝန်ထမ်းများက ဇုက္ကလိကျေးရွာ၊ ကော့ကဒွတ်ကျေးရွာ၊ အရက်သီမကျေးရွာ၊ ဝင်းကကျေးရွာ၊ ကြာဇီအောင်ကျေးရွာနှင့် ကိုးတဲစု ကျေးရွာများ၌ ဆောင်ရွက်ရန်လျာထားသည့် ကုန်ထုတ်လမ်းနှင့် တံတားများ၏ မြေပြင် အခြေအနေများကို ကွင်းဆင်း တိုင်းတာစစ်ဆေးခြင်း၊ အနိုင်းပွန်ကျေးရွာ၌ ဧက(၁၀၀) စံပြစိုက်ကွင်း ဖော်ဆောင်ခဲ့သော ကွင်းနှင့်ချိတ်ဆက်သည့် အနိုင်းပွန်ကျေးရွာ ကုန်ထုတ်တံတားဆောက်လုပ်မည့် မြေပြင်အခြေအနေတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ ကြသည်။
ဘီးလင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု ရန်ပုံငွေဖြင့် ၂၀၂၀/၂၀၂၁ ဘဏ္ဍာရေးနှစ်၌ ကုန်ထုတ်လမ်း(၂)လမ်း၊ တံတား(၂)စင်း၊ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း(၈) လမ်းနှင့် တံတား(၃)စင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ထူးနောင် (ပြန်/ဆက်)