ပွင့်ဖြူ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် COVID – 19 ရောဂါ ကူးစက်ပြန့်ပွား မှုမရှိ စေရေးအတွက် ပြည်သူများ အပြင်သွားလာရာ၌ နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၉ ရက် ၊ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူ - စလင်း - မင်းဘူးသွားကားလမ်း ပွင့်ဖြူမြို့အဝင်/ အထွက်နေရာတွင် စုရပ်ပြုလုပ်၍ နှာခေါင်းစည်း မပါဘဲ အပြင်သွားလာသူများကို ဖမ်းဆီးအရေးယူခြင်းများ ကွင်းဆင်း ကြပ်မတ်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
အဆိုပါ COVID – 19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အပြင်သွားလာရာ၌ နှာခေါင်းစည်း များ တပ်ဆင်သွားလာရန် ကြပ်မတ်စစ်ဆေးခြင်းကို မြို့နယ် COVID – 19 ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများအဖွဲ့က အဖွဲ့(၂)ဖွဲ့ခွဲပြီး ပွင့်ဖြူ - စလင်း - မင်းဘူးသွားကားလမ်း မြို့အဝင် ထွေ/အုပ်ရုံးအနီးနှင့် မြို့အထွက် သမ္မာဆန္ဒကရုဏာရှင်လူမှုကူညီရေးအသင်းရုံး အနီးတို့တွင် စုရပ်ပြုလုပ်၍ နေ့စဉ် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းက မြို့တွင်း ဖြတ်သန်းသွားလာသည့် မော်တော်ဆိုင်ကယ်များ ၊ သုံးဘီးဆိုင်ကယ်များ ၊ ခရီးသည် ပို့ဆောင်ရေးယာဉ်များနှင့် ကုန်တင် ယာဉ်ကြီးများအား ရပ်တန့်စေကာ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း COVID – 19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အပြင်သွားလာရာ၌ နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင် သွားလာကြရန် ၊ မလိုအပ်ဘဲ အပြင်သွားလာခြင်းများ မပြုလုပ်ကြရန် ၊ လူတစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၆)ပေ အကွာ နေထိုင်သွားကြရန် အသိပညာပေးဆွေးနွေးဟောပြော၍ နှာခေါင်းစည်းမပါဘဲ အပြင်သွားလာသူများကို ဒဏ်ကြေးပေး ဆောင်စေပြီး နှာခေါင်းစည်း ချက်ချင်းဝယ်ယူတပ်ဆင်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ယခုကဲ့သို့ မြို့နယ်အတွင်း COVID – 19 ရောဂါ မဖြစ်ပွားစေရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေးကြပ်မတ်စစ်ဆေးခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန် မှု ဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် COVID – 19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )