Skip to main content

နတ်တလင်းမြို့နယ်က စစ်မှုထမ်းဆောင်မည့်အမည်စာရင်းတွင် အမျိုးသမီးများ ပါဝင်နေကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ရှိ စက်ရုံရှမ်းစုကျေးရွာ၏ စစ်မှုထမ်းဆောင်ရန်အမည်စာရင်းတွင် အမျိုးသမီးများပါဝင်နေကြောင်းနှင့် အစားထိုးလဲလှယ်ရန်အတွက် ငွေကျပ်သိန်းချီတောင်းခံနေသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အများပြည်သူ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက ပြည်သူများကြောက်ရွံ့ ထိတ်လန့်စေရန်နှင့် အထင်အမြင်လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိရာ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နတ်တလင်းမြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အမျိုးသမီးများနှင့်ပတ်သက်၍ စစ်မှုထမ်းဆောင်ရန်စာရင်းကောက်ခံခြင်းနှင့် ငွေကြေးကောက်ခံခြင်းများမရှိကြောင်း သိရှိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များကိုလည်း နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြလျက်ရှိပါကြောင်း သတင်းရရှိပါသည်။