နေပြည်တော် ဇွန် ၁၁
၂၀၂၄ ခုနှစ် မတ် ၁၁ ရက်မှ ၁၉ ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲကိုကျင်းပခဲ့ရာ ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ၌လည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ၌လည်းကောင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝင်ရောက်ဖြေဆိုသူ ၈၄၂၈ ဦးရှိသည့်အနက် အောင်မြင်သူ ၄၇၈၆ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် ၅၆ ဒသမ ၇၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
လာရောက်ကြည့်ရှု
ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာစစ်ဌာနဖွင့်လှစ် ထားသောကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသားကျောင်းသူများ စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြသည်။
“ကျွန်မတို့ စာစစ်ဌာနအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၂၈၀ ရှိပြီး ၁၄၀ အောင်မြင်တဲ့အတွက် အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မနက်လေးနာရီကနေစပြီးတော့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ကနေ ထုတ်ပြန်ပေးခဲ့ပြီး စာစစ်ဌာနက ကျောင်းတွေ မှာတော့ နံနက် ၆ နာရီဆို အောင်စာရင်းတွေကို ထုတ်ပြန်ပါတယ်။ ဂုဏ်ထူးရရှိမှုအနေနဲ့ လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် သုံးဦးနဲ့ တစ်ဘာသာဂုဏ်ထူးရှင် ၁၅ ဦး ဖြစ်ပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်တဲ့ ကျောင်းသားကျောင်းသူတွေနဲ့ သူတို့ရဲ့မိဘတွေအတွက်ပါ ဂုဏ်ယူပါတယ်”ဟု အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ရီက ပြောသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြေဆိုအောင်မြင်မှုအနေဖြင့် ပျဉ်းမနားခရိုင် ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့တွင် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၂၇၆ ဦး၊ ရိုးရိုးအောင်မြင်သူ ၁ဝ၂၆ ဦး စုစုပေါင်း ၁၃ဝ၂ ဦး အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၂၈ ရာခိုင်နှုန်း၊ လယ်ဝေးခရိုင် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင် ဂုဏ်ထူးရကျောင်းသားကျောင်းသူ ၂၄ဝ၊ ရိုးရိုးအောင်မြင်သူ ၁ဝ၆၂ ဦး စုစုပေါင်း ၁၃ဝ၂ ဦး အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၅၂ ရာခိုင်နှုန်း၊ ဥတ္တရခရိုင် ဥတ္တရသီရိ မြို့နယ်နှင့်တပ်ကုန်းမြို့နယ်တို့တွင် ဂုဏ်ထူးရကျောင်းသားကျောင်းသူ ၂၃၆ ဦး၊ ရိုးရိုးအောင်မြင်သူ ၈၅၈ ဦး စုစုပေါင်း ၁ဝ၉၄ ဦး အောင်ချက်ရာခိုင်နှုန်း ၅၆ ဒသမ ၇၇ ရာခိုင်နှုန်း၊ ဇေယျာသီရိခရိုင် ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၁၈၂ ဦး၊ ရိုးရိုးအောင်မြင်သူ ၉ဝ၆ ဦး စုစုပေါင်း ၁ဝ၈၈ ဦး အောင်ချက်ရာခိုင်နှုန်း ၅၃ ဒသမ ၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့သူတစ်ဦးက “ဒီနေ့မျှော်မှန်းထားသလို တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့တဲ့အတွက် အင်မတန် ဝမ်းသာပီတိဖြစ်မိပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုရလဒ်ပေါ်မှာ မိဘတွေပျော်ရွှင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အခုလို အောင်မြင်မှုရရှိအောင် ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတဲ့ မိဘနှစ်ပါးနဲ့ ဆရာ ဆရာမတွေ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ စာမေးပွဲအောင်မြင်ကြတဲ့ သူငယ်ချင်းတွေအတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မိမိဝါသနာပါတဲ့ ဘာသာရပ်တွေကို ဆက်လက်လေ့လာသင်ယူချင်ပေမယ့် အမှတ်စာရင်းအပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ပြင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပပေးသည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပျဉ်းမနားခရိုင် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ဝင်ရောက်ဖြေဆိုသူသုံးဦးအနက် နှစ်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ တစ်ဦးရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၄ နာရီမှစတင်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ပေးခဲ့ရာ ဝင်ရောက်ကြည့်ရှုသူများပြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့ပြည်နယ်များရှိ စာစစ်ဌာနများ၏အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း ကြေညာပေးခဲ့ပြီး အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်