Skip to main content

ကိုဗစ်−၁၉ ရောဂါ ထိရောက်စွာ ကာကွယ်နိုင်ရန် အတွက် ပြည်နယ် အဝင်/ အထွက် ဂိတ်များ အား ပြည်နယ်ခေတ္တဝန်ကြီးချုပ် ကွင်းဆင်း ကြပ်မတ်စစ်ဆေး

လွိုင်ကော် စက်တင်ဘာ ၉


ကယားပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများအား ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ထိရောက်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ မြေပြင်တွင် ဆောင်ရွက်နေရသည့် ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းများအား ညွှန်ကြားချက် များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ချက် မရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများ အတိုင်း ထိထိရောက်ရောက် စိစစ်ဆောင်ရွက်နိုင်ရေး၊ တာဝန်ရှိသူ အဆင့်ဆင့်မှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ပေးနိုင်ရန်နှင့် လိုအပ်သလို ကြပ်မတ်ဆောင်ရွက် နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကို သည် ယမန်နေ့ နံနက်ပိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ၊ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ပြည်နယ် ဦးစီးမှူး ၊ ခရိုင် အုပ်ချုပ်ရေးမှူး ၊ မြို့နယ် အုပ်ချုပ်ရေးမှူး တို့နှင့်အတူ လွိုင်ကော်မြို့ နှင့် ဒီးမော့ဆို မြို့နယ် အတွင်းရှိ အဝင်/ အထွက် ဂိတ်များသို့ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့သည်။ 
ရှေးဦးစွာ ခေတ္တ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကယား ပြည်နယ်သို့ တောင်ငူ မြို့နယ် ဘက်မှ လည်းကောင်း၊ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ဘက်မှ ဝင်ရောက်နိုင်သည့် ဒီးမော့ဆို မြို့နယ်၊ ဒေါတဝီ ပူးပေါင်း စစ်ဆေးရေးဂိတ်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် မိုးဗြဲမှ တစ်ဆင့်ဝင် ရောက်နိုင် သည့် ကပ္ဖယ်ခူ ပူးပေါင်း စစ်ဆေးရေးဂိတ်သို့ လည်းကောင်း၊ လွိုင်ကော်မြို့သို့ အဓိက ဝင်ပေါက်ဖြစ်သည့် ဝါရီကောခူ ပူးပေါင်း စစ်ဆေးရေးဂိတ် သို့လည်းကောင်း၊ ရှမ်းပြည်နယ် ဘက်မှ ဝင်ရောက်နိုင်သည့် ဆောင်ကန်း ပူးပေါင်း စစ်ဆေးရေး ဂိတ်နှင့် လွိုင်လင်လေးမြို့ အဝင် ထီးစဲခါး ပူးပေါင်း စစ်ဆေးရေးဂိတ်သို့ လည်းကောင်း သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး ညွှန်ကြားချက် များအတိုင်း ဆောင်ရွက်မှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်ပုံ အဆင့်ဆင့်အား မေးမြန်းခြင်း၊ မှတ်ပုံတင် ရေးသွင်းသည့် စာအုပ်များ စနစ်ကျ မှန်ကန်မှု ရှိ/ မရှိ စစ်ဆေးခြင်း၊ ဝင်/ထွက် သွားလာမှုများနှင့် ပတ်သက်ပြီး အသေးစိတ် မှတ်တမ်း ထားရှိမှု ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး သွားလာသူများ အနေဖြင့် Mask အသုံးမပြုဘဲ ဝင်/ထွက် သွားလာမှုကို ထိရောက်စွာ အသိပညာပေး ဟန့်တားဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်း များနှင့်အညီ တိတိကျကျ လိုက်နာ ဆောင်ရွက်သွားရန်နှင့် စစ်ဆေးရေး ဂိတ်အတွင်းရှိ ဝန်ထမ်းများအတွက် လိုအပ်သည် များကို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေး စီမံပေးရန် မှာကြားခဲ့သည်။ 
ထို့နောက် ကိုဗစ်−၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းအဖွဲ့ဖြင့် စိစစ် ဆောင်ရွက် နေသည့် စစ်ဆေးရေး ဂိတ်များတွင် အဆင်ပြေစွာဖြင့် စိစစ်ဆောင်ရွက် နိုင်ရေးအတွက် စစ်ဆေးရေးဂိတ်များတွင် တာဝန် ထမ်းဆောင်နေသည့် ဒီးမော့ဆို မြို့နယ်အတွင်းရှိ ဒေါတဝီ ပူးပေါင်း စစ်ဆေးရေးဂိတ် နှင့် ကပ္ဖယ်ခူ ပူးပေါင်း စစ်ဆေးရေးဂိတ် ၊ လွိုင်ကော် မြို့နယ်အတွင်းရှိ ဝါရီကောခူ ပူးပေါင်း စစ်ဆေးရေးဂိတ် ၊ ဆောင်ကန်း ပူးပေါင်း စစ်ဆေးရေးဂိတ်နှင့် ထီးစဲခါး ပူးပေါင်း စစ်ဆေးရေးဂိတ် မှ ဝန်ထမ်းများ အတွက် ဂိတ်တစ်ဂိတ်လျှင် ကြက်ဉအလုံး (၁၀၀)လုံး ၊ ရေသန့်ဘူး (၄)ကတ် နှင့် မာမီးခေါက်ဆွဲ (၁)ဖာ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာ စာသင်ကျောင်း၊ ဆီးလီဒုန်း ကျေးရွာရှိ စာသင်ကျောင်း ၊ ကပ္ဖယ်ခူ စာသင်ကျောင်း ၊ နန်းမယ်ခုံမြို့ရှိ နယ်မြေ ရဲစခန်း ဆောက်လုပ်နေမှု နှင့် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာ မီးပွိုင့် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)