နေပြည်တော် ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ မင်းကြီးဟိုတယ်ရေကူးကန်တွင် ရေကူးနေသည့် လူငယ် ၂၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၉ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းဆောင်ရန် ခံဝန်လက်မှတ်ထိုးခိုင်းကြောင်းနှင့် တချို့ကို စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများအထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇွန်လ ၉ ရက်နေ့တွင် ကလေးမြို့မင်းကြီးဟိုတယ်ရေကူးကန်တွင် လာရောက်ရေကူးသည့် လူငယ်များခိုက်ရန်ဖြစ်ပွားနေကြောင်း သတင်းပေးပို့ချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးတာဝန်ရှိသူများက ခိုက်ရန်ဖြစ်ပွားမှုမရှိစေရန်အတွက် သွားရောက်ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စစ်မှုထမ်းဆောင်ရန် ခံဝန်လက်မှတ်ထိုးခိုင်းခြင်း၊ ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေ့မှစပြီး ပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန်နှင့် အထင်အမြင်လွဲမှားစေရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်သည့် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။