Skip to main content

အားကစားတိုးတက်ရေးအတွက် လာမည့်ငါးနှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များ စီမံချက်ရေးဆွဲခြင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၈

အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့်ငါးနှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများ နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံအတွင်းသို့ လျင်မြန်စွာပျံ့နှံ့နေ သည်ဖြစ်၍ မိမိ၏ဌာန၊ မိမိပတ်ဝန်းကျင်၊ မိမိတို့မိသားစုတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန် ဝိုင်းဝန်းတိုက်တွန်းဆောင်ရွက်စေလိုကြောင်း၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး၊ ကုသရေးအတွက် နေရာအခက်အခဲများဖြစ်ပေါ်လာနိုင်သည်ဖြစ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနလက်အောက်ရှိ အားကစားကွင်း/ရုံနှင့် ကျောင်းများကို သေချာစနစ်တကျ ပြည့်ပြည့်စုံစုံကူညီဆောင်ရွက်နိုင်ရန် အသင့်အနေအထားဖြစ်စေလိုကြောင်း၊ ယခုကျင်းပသည့် အားကစားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ငါးနှစ်တာစီမံချက်နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးထံတင်ပြရာတွင် ပြည်ထောင်စုဝန်ကြီးက ကောင်းမွန်သည့်အစီအစဉ်ဖြစ်ကြောင်းနှင့် မိမိတို့နှစ်အလိုက် လုပ်ဆောင်မည့်လုပ်ငန်းများကို ဦးစားပေးအဆင့်သတ်မှတ်ချက်ဖော်ပြပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်ပြီးမြောက်မှု ဆန်းစစ်ချက်များပြုလုပ်ရန် လိုအပ်ကြောင်း၊ အစည်းအဝေးကို တက်ရောက် လာကြသူများအနေဖြင့် အပြုသဘောဆောင်သောအကြံဉာဏ်ကောင်းများဖြင့် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းအကြံပြုဆွေး နွေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးကျော်စိုးမိုး၊ အားကစားနှင့် ကာယပညာ သိပ္ပံ(မန္တလေး)ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်နှင့် အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင်တို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးများက အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် သက် ဆိုင်သောသင်တန်းသား ရွေးချယ်မှုဆိုင်ရာများ၊ ပြိုင်ပွဲများဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာ သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသနှင့်လျော်ညီသည့် လူရွေးချယ်မှုဆိုင်ရာကိစ္စရပ်များ၊ နေထိုင်စားသောက်ရေး၊ အား ကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် အားကစားအဖွဲ့ချုပ်များဆိုင်ရာ အကြံပြုချက်များနှင့် အားကစားနှင့် ကာယ ပညာသိပ္ပံကျောင်းသားဟောင်းများ၏ ဘဝအာမခံချက်ဆိုင်ရာကိစ္စရပ်များကို အကြံပြုတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်သုံးသပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်