နေပြည်တော်၊ စက်တင်ဘာ ၈
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမြင့်ဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများခင်ဗျား -
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းဖြင့် နှုတ်ခွန်းဆက်လိုက်ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီအနေနဲ့ လွှတ်တော်အသီးသီးအတွက် မြို့နယ်ပေါင်း (၁၇၅) မြို့နယ်၊ မဲဆန္ဒနယ်မြေပေါင်း (၃၈၄) နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ဖွဲ့စည်းထူထောင်ခဲ့တာဟာ အနှစ် (၃၀) ကျော်ခဲ့ပါပြီ။ ခိုင်ခိုင်မာမာရပ်တည်နေတဲ့ နိုင်ငံရေးပါတီဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီမှာ “လူအများကောင်းစားရေး”ကို အခြေခံတဲ့ လမ်းညွှန်သဘောတရားမူဝါဒ အခိုင်အမာရှိပါတယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်ဖို့ “ပြည်သူ့အကျိုးပြု၊ မြန်မာ့လမ်းစဉ်” ကိုလည်း ချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။ ပါတီရဲ့လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ အစွန်းတရားတွေဘက် ရောက်မသွားစေအောင် ထိန်းညှိပေးတဲ့ “မဇ္ဈိမပဋိပဒါ ကျင့်စဉ်” ကို ကျင့်သုံးလျက်ရှိပါတယ်။ ကျွန်တော်တို့ပါတီဟာ လမ်းညွှန် သဘောတရား၊ ဝါဒ၊ လမ်းစဉ်၊ ကျင့်စဉ်တွေကို နိုင်ငံရေးပါတီပီသစွာ စနစ်တကျ ချမှတ်ကျင့်သုံးလျက်ရှိတဲ့ ပါတီဖြစ်ကြောင်း မဲဆန္ဒရှင်ပြည်သူများကို အသိပေးတင်ပြရခြင်း ဖြစ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများ ခင်ဗျား -
မဲဆန္ဒရှင်ပြည်သူများအနေနဲ့ ကျွန်တော်တို့ပါတီရဲ့ ဝါဒ၊ လမ်းစဉ်၊ ကျင့်စဉ် နဲ့ ပါတီရဲ့ သဘောထား ရပ်တည်ချက်တွေကို ကောင်းစွာသိရှိပြီး ဒီပါတီဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို တကယ် သယ်ပိုးနိုင်တဲ့ ပါတီ၊ ယုံကြည်ကိုးစား ထိုက်တဲ့ပါတီလို့ သိမြင်လာပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အတွက် ပါတီရဲ့ရွေးကောက်ပွဲ ကြေညာစာတမ်းကို ပြည်သူတွေထံ အသိပေး တင်ပြထားပါတယ်။ ရွေးကောက်ပွဲကြေညာစာတမ်းထဲက ကျွန်တော်တို့ပါတီ က ဖော်ဆောင်သွားမယ့် တစ်မျိုးသားလုံးအတွက် အရေးကြီးတဲ့အချက်အချို့ ကို ကျွန်တော် တင်ပြအစီရင်ခံသွားပါ့မယ်။
ပထမဦးစွာ တိုင်းရင်းသားလူမျိုးများနဲ့ပတ်သက်တဲ့ သဘောထားတွေကို တင်ပြပါ့မယ်။ ကျွန်တော်တို့ နိုင်ငံဟာ တိုင်းရင်း သားလူမျိုးတွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့ဟာ အလွန်အရေးကြီးပါတယ်။ ဒီကနေ့ နိုင်ငံမှာဖော်ဆောင်နေတဲ့ ထာဝရငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ မရှိမဖြစ်လိုအပ်တဲ့ အချက်ဖြစ်နေပါတယ်။ ဒါကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ပါတီကဖော်ဆောင်သွားမယ့် သဘောထား လေးချက်ကို တင်ပြပါ့မယ်။
(တစ်) တိုင်းရင်းသားလူမျိုးများအတွင်း တန်းတူ၊ ရည်တူရှိရေးပါ။ တန်းတူရည်တူဆိုရာမှာ တိုင်းရင်းသားတွေအတွင်းမှာ လူမျိုး ကြီး၊ လူမျိုးငယ် မခွဲခြားရေး၊ အခွင့်ထူးခံမရှိစေရေး၊ တိုင်းရင်းသား လူမျိုးအချင်းချင်း ခေါင်းပုံမဖြတ်ရေး၊ လူညွန့်မခူးရေးစတဲ့အချက် တွေဖြစ်ပါတယ်။
(နှစ်) တိုင်းရင်းသားတွေအတွင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိစေရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာမှာ ပါဝင်ရမယ့် အခြေခံအချက်လည်း ဖြစ်ပါတယ်။
(သုံး) ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးတစ်မျိုးအနေနဲ့ ရှင်သန်ရပ်တည်ပိုင်ခွင့်ရှိရေး ဖြစ်ပါတယ်။ လူမျိုးတစ်မျိုးအနေနဲ့ ဘာသာစကား၊ စာပေ၊ ဓလေ့ထုံးတမ်း၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေ ပျောက်ပျက်မသွားစေဖို့ ထိန်းသိမ်းစောင့်ရှောက်ခွင့်တွေရှိနေရမှာ ဖြစ်ပါတယ်။
(လေး) တိုင်းရင်းသားတွေအတွင်းမှာ ညီညာတဲ့ ဖွံ့ဖြိုးတိုးတက်မှု (Even Development) ရှိနေရပါမယ်။ တိုင်းရင်းသားတွေအတွင်းမှာ ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက် နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရပါ မယ်။ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေအကြား သယံ ဇာတ၊ ဓနဥစ္စာ ခွဲဝေသုံးစွဲခွင့်နဲ့ ညီညွတ်မျှတတဲ့ ခွဲဝေခွင့်ရှိရမှာဖြစ်ပါ တယ်။
ဒီအချက်တွေဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ မပါမဖြစ် ပါဝင်ရမယ့် အခြေခံအချက်တွေလည်းဖြစ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများခင်ဗျား -
ကျွန်တော်တို့နိုင်ငံဟာ ပထဝီအနေအထားအရ နိုင်ငံကြီးနှစ်နိုင်ငံရဲ့ကြားမှာ ကျရောက်နေပါတယ်။ ဒါ့အပြင် အင်အားကြီးနိုင်ငံကြီးနှစ်ခုရဲ့ အားပြိုင် လှုပ်ရှားကြရာမှာ မဟာဗျူဟာကျတဲ့အနေအထားမှာ ရှိနေပါတယ်။ ဒီနိုင်ငံကြီးနှစ်ခုရဲ့အားပြိုင်မှုမှာ ကြားညှပ်မခံရဖို့ အလွန်အရေးကြီးပါတယ်။ နိုင်ငံတကာ နိုင်ငံရေးအခင်းအကျင်းနဲ့ သံတမန်ရေးရာကို ကျွမ်းကျင်လိမ္မာစွာ ကျင့်သုံးနိုင် ဖို့လိုပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးမူဝါဒမှာ အစဉ်အဆက်ကျင့်သုံးခဲ့တဲ့-
- လွတ်လပ်ပြီးတက်ကြွတဲ့ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးရ ပါမယ်။
- ဒီမူဝါဒမှာနိုင်ငံရေးခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” မူကြီး ‘ငါး’ ချက် ပါဝင်သွားမှာဖြစ်ပါတယ်။
- နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနဲ့ ပိုမို ထိတွေ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားရပါမယ်။
- ဒါ့ပြင် တိုင်းပြည်ရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ရေးကို ထိပါးစေတဲ့ကိစ္စမျိုးတွေကို ဆန့်ကျင်ကန့်ကွက်သွားမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး မဲဆန္ဒရှင်ပြည်သူများအတွက် အဓိကကျတဲ့စီးပွားရေးမူဝါဒပိုင်း ကို တင်ပြပါမယ်။
ကုန်ထုတ်လုပ်မှု တိုးတက်စေဖို့ ပုဂ္ဂလိကပိုင်ကဏ္ဍကို အထူးပြုတဲ့ ဈေးကွက် ယန္တရားကို သုံးစွဲပြီး နိုင်ငံတော်ရဲ့ ဓနအင်အား (Wealth) ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီတိုးတက်လာတဲ့ ဓနအင်အားကို ခွဲဝေရာမှာ တော့ လူမှုအဖွဲ့အစည်း တစ်ခုလုံးအတွက် တရားမျှတမှုကို အရင်းခံတဲ့ “လူမှု သဟဇာတမျှတရေး” မူကို ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
- ဓနအင်အား ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် သဘာဝသယံဇာတအရင်း အမြစ်တွေကို ထုတ်နုတ်သုံးစွဲတဲ့ နေရာမှာ နောင်လာနောက်သား၊ သားစဉ်မြေးဆက်တိုင်အောင် ထုတ်လုပ်သုံးစွဲနိုင်မယ့် အစီအမံတွေ ချမှတ်သွားရပါမယ်။
- နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ အရအသုံးလိုငွေတွေ များပြားနေတာ၊ ငွေကြေး ပမာဏ ကြီးထွားနေတာ၊ ငွေကြေးဖောင်းပွမှုမြင့်မားနေတာ၊ ပို့ကုန်ဝင်ငွေလျော့နည်းကျဆင်းနေတာ၊ ဈေးနှုန်းတွေမြင့်တက်နေတာစတဲ့ အကြောင်းတရားတွေကြောင့် ပြည်ပချေးငွေနဲ့ စီးပွားရေးမှာ အခြေပြု နေရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံအတွက် ရေရှည်မှာ ချေးငွေကို အခြေပြုရတဲ့ စီးပွားရေးပုံစံ (Credit based Economy) မျိုး မဖြစ်စေဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
- တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ် တည်ဆောက်ရာမှာ အခြေခံဖြစ်တဲ့ တိုင်းဒေသကြီး/ပြည်နယ်အသီး သီးမှာ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် “ဒေသဖွံ့ဖြိုးရေး စီမံကိန်း”တွေ ချမှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများခင်ဗျား-
ကျွန်တော်တို့နိုင်ငံမှာ ခေတ်အဆက်ဆက်ပြောင်းခဲ့ပေမယ့် လူအများစုကြီး ဖြစ်တဲ့ တောင်သူ လယ်သမားတွေရဲ့ ဘဝဟာ ဒုံရင်း၊ ဒုံရင်း အခြေအနေပဲ ရှိနေတာ တွေ့ရပါတယ်။ ဒီကနေ့အထိ မြေယာပြဿနာတွေ၊ သီးနှံဈေးနှုန်း “ကမောက်ကမ” ဖြစ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုလိုအပ်လို့ လယ်သမားတွေ အကြွေးပင်လယ်ဝေနေ ရတာတွေ စတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင် ရင်ဆိုင်နေကြရပါတယ်။
အဓိကကတော့ မြေယာမူဝါဒပါပဲ၊ လယ်သမားတွေအတွက် မြေယာမူဝါဒဟာ “သီးနှံစိုက်ပျိုး ထုတ်လုပ်သူတိုင်း လယ်ယာမြေပိုင်ဆိုင်ခွင့်ရှိရမယ့် မူဝါဒ ဖြစ်ဖို့” လိုပါတယ်။ အခုပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေကို ပြင်ဆင်ရပါမယ်။ ဈေးကွက်စီးပွားရေး ယန္တရားနဲ့ မြေယာမူဝါဒကိုက်ညီရပါမယ်။ ဒါ့ကြောင့် လယ်သမားလုပ်တဲ့မြေ လယ်သမားပိုင်ဆိုင်ရေးအတွက် နိုင်ငံရေးနည်းလမ်း၊ ဥပဒေ နည်းလမ်း၊ စီးပွားရေးနည်းလမ်းများနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
- လယ်ယာမြေအသုံးချရေးမူဝါဒကို စနစ်တကျရေးဆွဲပြီး အကောင် အထည်ဖော်ပါ့မယ်။
- တောင်သူလယ်သမားတွေ သီးနှံထုတ်လုပ်ရေးအတွက် အရင်းအနှီး ရရှိစေဖို့ နှစ်လတ်၊ နှစ်ရှည်ချေးငွေပေးနိုင်အောင် အစီအမံတွေ ချမှတ် ရမှာ ဖြစ်ပါတယ်။
- တောင်သူလယ်သမားတွေအတွက် လယ်ယာထွက်ကုန်များကို အာမခံ ထားတဲ့စနစ် ကျင့်သုံးပါ့မယ်။
- တောင်သူလယ်သမားတွေ အားထားရမယ့် ကျွဲ၊ နွား တွေ နိုင်ငံခြားတင်ပို့နေမှုကို ရပ်ဆိုင်းပစ်မှာဖြစ်ပါတယ်။
ဆက်လက်ပြီး ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရရော စီးပွားရေးအရပါ အလွန်အရေးပါတဲ့ အင်အားစုဖြစ်တဲ့ အလုပ် သမားများနဲ့ ပတ်သက်တဲ့ သဘောထားတွေကို တင်ပြပါ့မယ်။ အလုပ်သမားတွေအပေါ်မှာ ဂုဏ်သိက္ခာ ကျဆင်းစေခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းတွေဟာ မကင်းစင် သေးပါဘူး။ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ အလုပ်ခွင်တည်မြဲပိုင်ခွင့်၊ အနည်းဆုံး အခကြေးငွေရပိုင်ခွင့်၊ လျော်ကြေးရပိုင်ခွင့်၊ လူမှုဖူလုံရေး ရပိုင်ခွင့်တွေဟာလည်း မှေးမှိန်နေတုန်းပဲ ရှိပါတယ်။
- တည်ဆဲဥပဒေပါအခွင့်အရေးများ အပြည့်အဝခံစားနိုင်ရေး၊
- အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ထွန်းရေး၊
- ပြည်ပကပြန်လည်ရောက်ရှိလာတဲ့ အလုပ်သမားတွေရဲ့ဘဝလုံခြုံရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရေး၊
- အလုပ်သမားများအကျိုးဆောင်ရွက်ပေးမယ့် အလုပ်သမားအဖွဲ့ အစည်းများ လွတ်လပ်စွာ စနစ်တကျဖွဲ့စည်းရေးတို့ကို အကောင် အထည်ဖော် ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။
လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများခင်ဗျား-
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအပေါ် ပြည်သူများက အကဲဖြတ်နိုင်စေဖို့ပါတီရဲ့ ဝါဒ၊ လမ်းစဉ်၊ ကျင့်စဉ်နဲ့ သဘော ထားလုပ်ငန်းစဉ်တွေကို အကျဉ်းချုပ်တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒီသဘောထားလုပ်ငန်းစဉ်တွေရဲ့ အနှစ်ချုပ်ဖြစ်တဲ့ ပါတီရဲ့ကြွေးကြော်သံ ကတော့ မျှော်လင့်ချက်အသစ် (New Hope)၊ ပြည်သူများက မျှော်လင့်ချက် အသစ်ကို ဖော်ဆောင်ကြပါစို့ (New Hope for the People) ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ ပြည်သူတွေ မျှော်လင့်ချက်အသစ်ကို ဖော်ဆောင်နိုင်ကြဖို့ မကြာတော့မယ့် ကာလမှာ ဆန္ဒမဲပေးကြရတော့မှာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဟာ မဲဆန္ဒရှင်ပြည်သူတွေအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရမယ့် အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေက ဒီအခွင့်အရေးကို အသုံးချပြီး “မျှော်လင့်ချက် အသစ်” နဲ့ ကျွန်တော်တို့ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒပေးရွေးချယ်နိုင်ကြ ပါစေလို့ တိုက်တွန်းဆန္ဒပြုလိုက်ပါတယ်။
မဲဆန္ဒရှင်ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အောင်ရမည်
တိုင်းရင်းသားအားလုံး ….. ညီညွတ်မည်
ညီရင်းအစ်ကိုပမာ တို့ချစ်သည်
ထာဝစဉ်မခွဲ လက်တွဲမည် ဒါမှ ဒို့ပါတီ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အောင်ရမည်
မြန်မာပြည် ဒို့တိုင်းပြည် မြန်မာတို့ရဲ့ ဇာတိသွေးက ဇွဲမာန်အပြည့်ရှိသည်
တိုင်းရင်းသားတို့ ထာဝရ စည်းလုံးညီညွတ်မည်
အမျိုးသားရေးကို ဦးတည် နိုင်ငံတော်ကို ချစ်မြတ်နိုးသည်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အောင်ရမည်
မဲရုံသို့ မဲရုံသို့ သွားကြပါစို့ (၂)
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ရရှိဖို့
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို မဲပေးကြပါစို့
မဲရုံသို့ မဲရုံသို့ သွားကြပါစို့ (၂)
အခြေခံလူတန်းစားများရဲ့ စီးပွားရေးဘဝ မြှင့်တင်နိုင်ဖို့
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို မဲပေးကြပါစို့
မဲရုံသို့ မဲရုံသို့ သွားကြပါစို့ (၂)
ပြည်သူများအတွက် မျှော်လင့်ချက်အသစ် ဖော်ဆောင်ဖို့
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို မဲပေးကြပါစို့
တိုင်းရင်းသားအားလုံး ….. ညီညွတ်မည်
ညီရင်းအစ်ကိုပမာ တို့ချစ်သည်
ထာဝစဉ်မခွဲ လက်တွဲမည် ဒါမှ ဒို့ပါတီ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အောင်ရမည်
ပြည်သူများအတွက် မျှော်လင့်ချက်အသစ်ကို ဖော်ဆောင်ကြပါစို့။