နေပြည်တော် ဇွန် ၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၇ ရက်မွန်းလွဲပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)၌ ပထမနှစ်အင်ဂျင်နီယာသင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တတိယနှစ်အင်ဂျင်နီယာသင်တန်းများရှိ မေဂျာစုံကျောင်းသားများဖြင့် စုဖွဲ့ထားသော သုတေသနအဖွဲ့များက သုတေသနပရောဂျက်များဖြစ်သည့် ဘုရားစေတီတော်ရင်ပြင်တော်ပေါ် သန့်ရှင်းရေးလုပ်ငန်းသုံး စက်ရုပ်၊ စားသောက်ဆိုင်သုံးစားပွဲထိုးစက်ရုပ်၊ စီးသူကိုယ်တိုင် ထိန်းချုပ်မောင်းနှင်နိုင်သည့် လျှပ်စစ်ဝှီးချဲ၊ စာအုပ်စင်အပါအဝင် ခေတ်မီဆန်းသစ်သော အိမ်သုံးပရိဘောဂပစ္စည်းများ၊ EV ပြိုင်ကားများနှင့် နေပြည်တော် ဂျီတီအိုင်ကျောင်း လျှပ်စစ်သွယ်တန်းဖြန့်ဖြူးစနစ် ပုံစံငယ်တို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မွမ်းမံသွားရန်နှင့် သုတေသနရလဒ်များကို စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ ယခုပရောဂျက်များအောင်မြင်ရေး အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများကို လုပ်ငန်းခွင်နှင့် ဘဝတစ်လျှောက်ထိန်းသိမ်းပြီး ဗလငါးတန်နှင့်ပြည့်စုံသော ပြည်သူ့အကျိုးပြု နည်းပညာရှင်ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)မှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံပြီး ဒေသတွင်းပြည်သူများ၏ လိုအပ်ချက်နှင့်ကိုက်ညီသော သင်တန်းများကို ဖွင့်လှစ်ပေးရန်၊ ကျောင်းသားများ၏ အဖွဲ့လိုက်ပူးပေါင်း၍ တီထွင်ဖန်တီးနိုင်စွမ်းများကို အားပေးမြှင့်တင်နိုင်ရေး အခင်းအကျင်းများကို ဖြည့်ဆည်းပေးပြီး နိုင်ငံတကာနည်းပညာ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းသားများ၏ တင်ပြမှုများအပေါ် ဖြည့်ဆည်းမှာကြား ဆောင်ရွက်ပေးပြီး ကျောင်းစာကြည့်တိုက်အတွက် ပြည်သူ့နီတိအပါအဝင် သုတ၊ ရသစာအုပ်များကို ကျောင်းအုပ်ကြီးထံပေးအပ်လှူဒါန်း၍ သုတေသနထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများထံ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အလုပ်ရုံများ၌ ကျောင်းသားများ လက်တွေ့လုပ်ငန်းများဆောင်ရွက်နေမှု၊ ကျောင်းအတွင်းရှိ စာကြည့်တိုက်အခြေအနေနှင့် ပင်မဆောင်ရှေ့တပ်ဆင်ထားသော ဆိုလာစနစ်ဖြင့် ကျောင်းဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်ယဉ်ကျေးမှုဖွံ့ဖြိုးရေး ဝန်းကျင်ကောင်းများ ဖော်ဆောင်ပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်